မန်ချက်စတာ ယူနိုက်တက်ဟာ အတ္တလန်တာ တိုက်စစ်သမား ဟွိုင်လန်းအတွက် ကမ်းလှမ်းမှု တစ်ခုပေးပို့ထားပြီး ပေါင် သန်း ၅၀ ဝန်းကျင် တန်ကြေးရှိတယ်လို့ သိရပါတယ်။

ဒီနွေမှာ မေဆန်မောင့်နဲ့ အိုနာနာတို့ ၂ ဦးအတွက် ပေါင် ၁၀၇ သန်း သုံးထားတဲ့ ယူနိုက်တက်ဟာ တိုက်စစ်မှူးသစ် ရနိုင်ဖို့ အားထုတ်လာနေတာပါ။ ဒိန်းမတ် ကြယ်ပွင့်ကို နည်းပြတန်ဟက်က အတော်လေး သဘောကျပေမယ့် ကလပ်နှစ်သင်းကြား ပြောင်းရွှေ့ကြေး ညိနှိုင်းရဖို့ ရှိနေပါတယ်။

အတ္တလန်တာဘက်က သူတို့ တိုက်စစ်သမားအတွက် ပေါင် ၈၆ သန်း ဝန်းကျင် မရနိုင်ပေမယ့်လို့ ပေါင် သန်း ၆၀ ထက် ပိုတဲ့ ပမာဏကို ရလိုနေတာပါ။ ဒါကြောင့် ယူနိုက်တက်ရဲ့ ပထမဆုံးအကြိမ် ကမ်းလှမ်းတဲ့ ပမာဏကို ပယ်ချသွားဖို့ ရှိနေပါတယ်။

နည်းပြတန်ဟက်ကလည်း ဟွိုင်လန်းကို ခေါ်ယူနိုင်ခြင်း မရှိခဲ့ရင် သူ့တပည့်ဟောင်း ဖြစ်တဲ့ အေဂျက် တိုက်စစ်သမား ခူးဒက်စ်ကို ပြောင်းလဲ ချိတ်ဆက်ဖို့ ပြင်ဆင်ထားပါတယ်။ အသက် ၂၂ နှစ်အရွယ် ကွင်းလယ်လူကို ချယ်ဆီးတို့ ခေါ်ယူနိုင်မယ် သတင်းကြီးနေပြီး အာဆင်နယ်ကလည်း စောင့်ကြည့်နေပါတယ်။

ခူးဒက်စ်ကို ခေါ်ယူမယ်ဆိုရင် ပြောင်းရွှေ့ကြေး ပေါင် သန်း ၄၀ ဝန်းကျင်ပဲ ပေးရမှာဖြစ်ပေမယ့် သူဟာ ဟွိုင်လန်းလိုတော့ အထောင်တိုက်စစ်သမား စစ်စစ် မဟုတ်တာပဲ ဖြစ်ပါတယ်။