နည်းပြအာတီတာက ကွင်းလယ်လူသစ် ကိုင်ဟာဗက်နဲ့ ပတ်သက်တဲ့ ဝေဖန်ချက်တွေကို ခုခံသွားခဲ့ပြီး ဂျာမာန်သားအတွက် အချိန်ပေးရမှာပါ ဆိုပြီး မှတ်ချက်ပေးလာပါတယ်။
အာဆင်နယ်ဟာ ဒီနွေမှာ ပေါင် သန်း ၂၀၀ အကုန်အကျခံပြီး ကစားသမားသစ် ၃ ဦးထိ ခေါ်ယူထားတာပါ။ မန်ချက်စတာ ယူနိုက်တက်ကို ရင်ဆိုင်တဲ့ပွဲမှာ အာဆင်နယ် ကွင်းလယ်က အားပျော့မှုတွေ ရှိနေခြင်းအပြင် ဟာဗက်ရဲ့ ခြေစွမ်းအပေါ် အတော်လေး ဝေဖန်ခဲ့ကြတာ ဖြစ်ပါတယ်။
အာတီတာကပဲ ‘ ကျနော်တို့ ဟန်ချက်ညီမှုတွေ ရှာဖွေရမှာ ဖြစ်ပါတယ်။ အရင် တစ်နှစ်လောက်တုန်းက ရှာခါဟာ ကွင်းလယ်တိုက်စစ် နေရာကနေ မကစားနိုင်ခဲ့ပါဘူး။ ဒီတော့ ကျနော်တို့ အလုပ်ဖြစ်အောင် ကြိုးစားကြည့်ရမှာပါ။
ပထမဆုံး အကြိမ် အနေနဲ့ ကျနော်တို့ ကစားသမား ၄ ယောက်ကို အတွင်းမှာ သုံးခဲ့ပြီး သူတို့ထဲက ၃ ယောက်ဟာ ကျနော်တို့အတွက် တစ်ပွဲမှ မကစားပေးဖူးပါဘူး။ ဒါကြောင့် ကိစ္စတွေ နေသားကျဖို့ နေ့တိုင်း လေ့ကျင့်နေတယ်။ မှန်ကန်တဲ့ ကိစ္စတွေ လုပ်နိုင်ဖို့ သူတို့ကို အချိန်ပေးရပါမယ်။ ‘ လို့ ဖြေရှင်းခဲ့တယ်။
သတင်းထောက်တွေက အာဆင်နယ်ဟာ ရုပ်ပိုင်းဆိုင်ရာ အားနည်းတယ်လို့ မှတ်ချက်ပေးခဲ့တာကို အာတီတာက လက်မခံပဲ ‘ ခင်ဗျားတို့ ‘ရုပ်ပိုင်းဆိုင်ရာ’ ဆိုတဲ့ စကားလုံး သုံးသွားတယ်။ ရှာခါနဲ့ ဟာဗက်မှာ ဘယ်သူက ပိုသန်မာလဲ? ဟာဗက်က အရပ်အမောင်း ပိုတောင်မြင့်သေးတယ်၊ သူက ရုပ်ပိုင်းဆိုင်ရာ ပိုကောင်းတာ မဟုတ်ဘူးလား။ ’ လို့ တုန့်ပြန်ခဲ့ပါတယ်။
မနက်က ဘာစီလိုနာကို ရင်ဆိုင်တဲ့ပွဲမှာတော့ ဟာဗက်က သွင်းဂိုး ၁ ဂိုးရခဲ့တာမို့ ဂျာမာန်သားအပေါ် ဝေဖန်နေကြတာတွေဟာ စောလွန်းကြောင်း အာတီတာရဲ့ ပြောဆိုမှု မှန်ကန်တယ်လို့ ဆိုရမှာပဲ ဖြစ်ပါတယ်။