ချယ်ဆီးနဲ့ အပြိုင် လုရမှာ ဖြစ်လို့ လီဗာပူးအသင်းဟာ ဆောက်သမ်တန် ကွင်းလယ်လူ ရိုမီယို လာဗီယာ အတွက် ဒုတိယမြောက် ကမ်းလှမ်းမှု ထပ်ပေးတော့မှာ ဖြစ်ကြောင်း သတင်းထောက် David Ornstein က ဖော်ပြလာပါတယ်။

မနေ့ကပဲ ယာဂင်ကလော့ပ်ရဲ့ အသင်းဟာ ဘယ်ဂျီယံ ကွင်းလယ်လူအတွက် ပြောင်းရွှေ့ကြေး ပေါင် ၃၇ သန်းဖြင့် ချိတ်ဆက်ခဲ့ပေမယ့် ချက်ခြင်း ပယ်ချခံခဲ့ရပါတယ်။ ဆောက်သမ်တန်ဟာ ဒီနွေမှာ ပေါင် သန်း ၅၀ ရရင် လာဗီယာကို ထွက်ခွင့်ပေးဖို့ ပြင်ဆင်ထားတာပါ။

လီဗာပူးအသင်းဟာ လာဗီယာနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရဖို့အတွက် အခက်အခဲ မရှိပေမယ့် ဆောက်သမ်တန်နဲ့ ပြောင်းရွှေ့ကြေး သဘောတူညီမှုရဖို့ ဆက်လက် စကားပြောနေခဲ့ပါတယ်။ ချယ်ဆီးအသင်းကလည်း လာဗီယာကို ခေါ်လိုနေတာမို့ ကြားဖြတ် ခေါ်ယူခြင်း မခံရဖို့ လီဗာပူးဘက်က ကြိုးစားလာတာပါ။

လီဗာပူးရဲ့ ဒုတိယမြောက် ကမ်းလှမ်းမှုဟာ ပြောင်းရွှေ့ကြေး ပေါင် ၄၅ သန်း ဝန်းကျင် ရှိမယ်လို့ သိရပါတယ်။ ဒီအပတ်ထဲ အာရှခရီးစဉ် အဖြစ် စင်္ကာပူကို ရောက်လာမယ့် လီဗာပူးဟာ လာဗီယာကို အပါခေါ်ဖို့ အားထုတ်နေခြင်း ဖြစ်ပါတယ်။

ဆော်ဒီကလပ်ထံ ဟန်ဒါဆန်ကို လက်လွတ်ရဖို့ ရှိနေတဲ့ ကလော့ပ်ရဲ့ အသင်းဟာ မီလ်နာနဲ့ ကိတ်တာတို့ကိုပါ အလွတ်ဖြင့် ထွက်ခွင့် ပေးထားရတာမို့ ကွင်းလယ်ခံစစ်နေရာ အားနည်းမှု ရှိနေပါတယ်။

ဘယ်ဂျီယံ ကွင်းလယ်လူ လာဗီယာဟာ မနှစ်ကပဲ မန်စီးတီးကနေ ဆောက်သမ်တန်ကို ရောက်ရှိခဲ့ကာ ခြေစွမ်းကောင်းတွေ ပြသနေတာကြောင့် အသင်းကြီးတွေရဲ့ စိတ်ဝင်စားခြင်းကို ရနေခဲ့တာ ဖြစ်ပါတယ်။