အမေရိကန် ရာသီကြို ခရီးစဉ်အဖြစ် ဟူစတန်က NRG Stadium မှာ မန်ချက်စတာ ယူနိုက်တက်နဲ့ ရီးရဲလ်မက်ဒရစ်တို့ ဒီနေ့နံနက်မှာ ခြေစမ်းပွဲ ယှဉ်ပြိုင်ရာမှာ ရီးရဲလ်က ၂-၀ နဲ့ အနိုင်ရသွားပါတယ်။

ဒီပွဲမှာ ပြောစရာ ဖြစ်ခဲ့တဲ့ (၅) ချက်ကို ဖော်ပြသွားပါမယ်။

အမှန်အကန် အားထုတ်တဲ့ ခြေစမ်းပွဲ

တန်ဟက်ရဲ့ ဆန္ဒအတိုင်း ခြေစမ်းပွဲလို့ သဘောမထားဘဲ ယူနိုက်တက် ကစားသမားတွေ ကြိုးစား ယှဉ်ပြိုင်ခဲ့ကြပါတယ်။ မာတီနက်စ်နဲ့ ဖာနန်ဒက်စ်တို့ဟာ ရီးရဲလ်ကစားသမားကို ဟန့်တားရင်း အဝါကဒ်တွေ ရခဲ့သလို ဖာနန်ဒက်စ်ကို မိနစ် ၉၀ အပြည့်ပါ ထုတ်သုံးခဲ့တာပါ။

ပွဲဦးထွက်တဲ့ အိုနာနာ

ဂိုးသမား အိုနာနာဟာ သူ့ရဲ့ ပထမဆုံပွဲကို ကစားခွင့်ရခဲ့ပြီး ပွဲအစ ၆ မိနစ်မှာတင် သွင်းဂိုး ခွင့်ပြုခဲ့ရပါတယ်။ အစမကောင်းခဲ့ပေမယ့် နောက်ပိုင်းမှာ အိုနာနာဟာ ဘာကြောင့် နည်းပြတန်ဟက် ယုံကြည်စွာ ခေါ်ယူခံခဲ့ရသလဲဆိုတာ သက်သေပြနိုင်ခဲ့တယ်။ ဗင်နီးဆီးယက်စ်ရဲ့ ပိတ်သွင်းမှုကို သူကာကွယ်ခဲ့တာက သိပ်ကို အဆင့်မြင့်ပါတယ်။

အိုနာနာဟာ ဘောလုံးကို ခြေထောက်ထဲ ထားဖို့ရာ ယုံကြည်မှုရှိလွန်းသလို ကွင်းထိပ်တက်ပြီး ဗဟိုခံစစ်မှူး တစ်ယောက်လိုပါ ကစားပြခဲ့ပါတယ်။

သွင်းဂိုး ပြဿနာတွေ ရှိနေဆဲ

ယူနိုက်တက်ဟာ သွင်းဂိုးနဲ့ ပတ်သက်လာရင် ရုန်းကန်နေရဆဲပါပဲ။ မနှစ်ကရာသီ ကြီး ၆ ကြီးထဲမှာ သွင်းဂိုး အနည်းဆုံးဖြစ်ခဲ့တာကြောင့် တိုက်စစ်မှူးသစ်ရဖို့ကို အခုချိန်မှာ ကြိုးစားနေပါတယ်။ ရာသီကြိုမှာ ကစားကွက်ကောင်းကို ပြသနေပေမယ့်လို့ ဂိုးတွေရဖို့က လွယ်ကူမနေခဲ့ပါဘူး။

မာရှယ် ကြံ့ခိုင်ခြင်း မရှိသလို ရက်ဖိုဒ့်က ဘယ်ခြမ်းကိုပဲ အားသန်နေတာကြောင့် ယူနိုက်တက်ဟာ အတ္တလန်တာမှ ဟွိုင်လန်းကို ပေါင် သန်း ၆၀ ဝန်းကျင်ဖြင့် ခေါ်ယူပြီး အားနည်းချက်ကို ဖျောက်လိုနေပါတယ်။

ရုန်းကန်နေရဆဲ မေဆန်မောင့်

အရင်ပွဲတွေတုန်းက ကွင်းလယ်ကနေ ပွဲထွက်လာတဲ့ မောင့်ဟာ ဒီပွဲမှာတော့ တိုက်စစ်ကို လိုက်ပါခဲ့သလို အတွင်းလူ နေရာကနေလည်း လှုပ်ရှား ကစားခဲ့ပါတယ်။ ထိချက် မကောင်းခဲ့သလို ဂိုးသွင်းနိုင်ခွင့် ဆုံးရှုံးခဲ့တဲ့ သူဟာ ယူနိုက်တက်မှာ နေရာတစ်နေရာ ခိုင်ခိုင်မာမာ ရယူဖို့ ကြိုးစားနေရဆဲ ဖြစ်ပါတယ်။

မိုင်နူး ဒဏ်ရာရသွားခြင်း

အကယ်ဒမီ ကြယ်ပွင့် ကိုဘေး မိုင်နူးဟာ နည်းပြတန်ဟက်ရဲ့ ပထမအသင်းမှာ ခြေစွမ်းပြနေတာကြောင့် ရာသီကြိုမှာ ၄ ပွဲ ပွဲထွက်ခဲ့ပေမယ့် ရီးရဲလ်ကို ရင်ဆိုင်ရာမှာ ပွဲအစမှာတင် ဒဏ်ရာရခဲ့တာမို့ အဲရစ်ဆန်နဲ့ လူစားလဲခဲ့ရပါတယ်။