ဆော်ဒီ ပရိုလိဂ် ကလပ် Al-Ittihad အသင်းဟာ လီဗာပူး တိုက်စစ်မှူး ဆာလာ အား မက်မောဖွယ် လုပ်ခလစာနဲ့ ကမ်းလှမ်းမှုကြီး ပြုလုပ်လာပါတယ်။

Al-Ittihad က ဆာလာ အား နှစ်နှစ်အတွက် လုပ်ခ ပေါင် ၁၅၅ သန်းဖြင့် ခေါ်ယူဖို့ ချိတ်ဆက် ဆွေးနွေးခဲ့တာ ဖြစ်ပေမယ့် ကစားသမားဘက်က ငြင်းဆန် ပယ်ချသွားခဲ့ပါတယ်။

ဆာလာဟာ လီဗာပူးအသင်းနဲ့ ၂၀၂၅ ခုနှစ်ထိ စာချုပ်ရှိနေပြီး လက်ရှိ စာချုပ်မှာ တစ်ပတ်လုပ်ခ ပေါင် ၃၅၀၀၀၀ ဝန်းကျင် ရရှိနေတာဖြစ်ပါတယ်။ Al-Ittihad က ဆာလာအတွက် လီဗာပူးအသင်းကို ပြောင်းရွှေ့ကြေး ပေါင် သန်း ၆၀ ပေးဖို့လည်း အဆင်သင့် ဖြစ်နေပါတယ်။

ချယ်ဆီးမှ ကန်တေ၊ လီဗာပူးမှ ဖာဘင်ညိုနဲ့ ဘလွန်းဒီအော ဆုရှင် ဘန်ဇီမာတို့ကို ခေါ်ယူထားတဲ့ ဆော်ဒီကလပ် Al-Ittihad ဟာ ဆာလာကိုလည်း အလိုရှိနေပေမယ့် တိုက်စစ်သမားက ဒီနွေမှာ အသင်းပြောင်းဖို့ကို ပယ်ချခဲ့ပါတယ်။

ဆာလာရဲ့ အေးဂျင့် Abbas က “ ဒီနှစ်ထဲမှာ လီဗာပူးကနေ ထွက်ဖို့ ကျနော်တို့ ကြိုးစားလိုတယ်ဆိုရင် မနှစ်ကနွေမှာ စာချုပ်သစ် သက်တမ်းတိုးခဲ့မှာ မဟုတ်ပါဘူး။ ဆာလာက လီဗာပူးအသင်းအတွက်ပဲ စိတ်နှစ်ထားပါတယ် ” လို့ တွစ်တာကနေ အသိပေး တုန့်ပြန်ခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ဒီနွေမှာတင် ဟန်ဒါဆန်ကို Al Ettifaq အသင်းထံ ပေါင် ၁၂ သန်း၊ ဖာဘင်ညိုကို Al Ittihad အသင်းထံ ပေါင် သန်း ၄၀ တို့ဖြင့် ထွက်ခွင့်ပေးခဲ့ပြီဖြစ်ပါတယ်။ ဖာဘင်ညို နေရာ အတွက်လည်း အစားထိုး ခေါ်ယူမှု မလုပ်နိုင်သေးပါဘူး။

၎င်းတို့ အပြင် တိုက်စစ်သမား ဒီယက်ဇ်အတွက် ချိတ်ဆက်ခံရပေမယ့် လီဗာပူးဘက်က ရောင်းရန် မဟုတ်ကြောင်း ပယ်ချထားခဲ့တယ်။

အခုတစ်ကြိမ် ဆာလာအတွက် ချိတ်ဆက်လာခဲ့ခြင်း ဖြစ်ပေမယ့် ကစားသမား ကိုယ်တိုင်က လီဗာပူးမှာပဲ ဆက် နေလိုတာကြောင့် ဆော်ဒီကလပ်ရဲ့ မြင့်မားတဲ့ လုပ်ခကို ငြင်းဆန်ခဲ့ပြီ ဖြစ်ပါတယ်။

ကစားသမားကောင်း ဝယ်ယူ အားဖြည့်မှုပိုင်း အရှိန်လျော့နေတဲ့ လီဗာပူး အတွက် အမာခံ ကစားသမားတွေ တစ်ယောက်ပြီး တစ်ယောက် ဆော်ဒီဘက် လက်လွှတ်ထားရတာကြောင့် ရာသီသစ် အတွက် အင်အား အပြည့် ရှိရမယ့် အစား ပို အင်အားလျော့နေပြီ ဖြစ်ပါတယ်။