ပရီးမီးယားလိဂ် သုံးသပ်သူ ဂယ်ရီလင်ကာ လာမယ့်ရာသီမှာ အာဆင်နယ်ဟာ မန်စီးတီးရဲ့ ဖလားစိန်ခေါ်ဘက် ဖြစ်လာမယ်လို့ ယုံကြည်နေပါတယ်။
လင်ကာကတော့ ၂၀၀၄ မှာ ချန်ပီယံဖြစ်ပြီးနောက် မနှစ်ကရာသီမှာ နောက်တစ်ကြိမ် ဆုဖလား အောင်မြင်ဖို့ အနီးစပ်ဆုံး အခြေအနေကို ရောက်ခဲ့ပါတယ်။ လာမယ့်ရာသီမှာ အာဆင်နယ်ဟာ နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ် အမှတ်ပေးဖလား ပြန်ပြီး အနိုင်ရမယ်လို့ သုံးသပ်လာခဲ့ပါတယ်။
ဂယ်ရီလင်ကာက ခန့်မှန်းရာမှာ ‘ ကျနော်ကတော့ အာဆင်နယ်က ဒီရာသီ ပရီးမီးယားလိဂ်ဖလား အောင်မြင်မယ့် အသင်းအဖြစ် ခန့်မှန်းပေးလိုပါတယ်။ ဒီနွေစျေးကွက်မှာ သူတို့က အတော်လေး အထင်ကြီးစရာ ကောင်းခဲ့တယ်လို့ မြင်မိတယ်။
မနှစ်ကရာသီ ဆုဖလာလွဲချော်ခဲ့တာက သူတို့အသင်းကို စိတ်ဓါတ်ကျစေမယ့်အစား အကျိုးအမြတ်တောင် ရစေမှာပါ။ သူတို့ အရင်နှစ်တွေမှာ မရှိထားတဲ့ အမှတ်ပေးဖလား ပြိုင်ဆိုင်မှု အတွေ့အကြုံကို ရရှိခဲ့ပြီ ဖြစ်ပါတယ်။
ပြောင်းရွှေ့ကြေးကြီးနဲ့ အသင်းပြောင်းတဲ့ ကစားသမား အများအပြားက သူတို့ရဲ့ တန်ကြေးအတွက် ရုန်းကန်ရပေမယ့် ရိုက်စ်ကတော့ အဲ့လိုဖြစ်လာမယ် မထင်ပါဘူး။ သူက အတော်လေး မျှော်လင့်ခံရတဲ့ ကစားသမားပါ။ သူက ခေါင်းဆောင်တစ်ယောက် ဖြစ်သလို ပြိုင်ဘက် လိုင်းတွေကို ချိုးဖောက်နိုင်သူပါ။
သူတို့မှာ ဟာဗက်လို အရည်အချင်းကောင်းတွေနဲ့ ကစားသမားလည်း ရှိပါတယ်။ အခုချိန်ထိ ဟာဗက်ရဲ့ အကောင်းဆုံးတွေကို မမြင်ရသေးပါဘူး။ အာဆင်နယ်မှာက သိပ်ကောင်းတဲ့ အိုဒီဂတ်လည်း ရှိပါတယ်။ ဒီရာသီ အာဆင်နယ်က ပိုကောင်းလာမှာပါ ’ လို့ သုံးသပ်သွားတာ ဖြစ်ပါတယ်။