မန်ချက်စတာ ယူနိုက်တက်ဟာ မနေ့က ဗုဒ္ဓဟူးနေ့၊ ကာရင်တန် ထရိန်နင်ကွင်းမှာ ဘန်လေနဲ့ ကွင်းပိတ် ခြေစမ်းပွဲ ယှဉ်ပြိုင် ကစားခဲ့ရာ ၃-ဝ နဲ့ ဂိုးပြတ် အရေးနိမ့်ခဲ့တယ် လို့ သိရပါတယ်။
ကစားသမားတွေ ပုံစံကောင်းမရှိသလို ကြံ့ခိုင်မှု နည်းပါးနေတာကြောင့် ဒီကြားရက် ကာရင်တန်မှာ ကွင်းပိတ် ခြေစမ်းပွဲ ယှဉ်ပြိုင်ဖို့ ဖြစ်လာခဲ့တာပါ။ လူစာရင်းကတော့ လူငယ်အများစုဖြစ်ပြီး ဖောရက်စ်ပွဲမှာ ပွဲထွက်နိုင်တဲ့ စီနီယာအချို့လည်း ပါဝင်ခဲ့ပါတယ်။
တံကောက်ကြော ဒဏ်ရာကနေ ပြန်သက်သာလာတဲ့ မာရှယ်၊ နောက် ပယ်လစထွီ၊ အီဗန်၊ ဗန်ဒီဘိခ်၊ မာ့ချ်ဘရီ၊ အယ်ဗရို ဖာနန်ဒက်စ်နဲ့ တော်မီနေးတို့ ပွဲထွက်လူစာရင်းကနေ ပါဝင်ကစားခဲ့ကြပါတယ်။ ဒါပေမယ့် ဘန်လေကလည်း တောင့်တင်းတဲ့ လူစာရင်းကို ထုတ်သုံးခဲ့တာကြောင့် ယူနိုက်တက်တို့ ဂိုးပြတ် အရေးနိမ့်ခဲ့ပါတယ်။
ဗင်းဆင့်ကွန်ပနီရဲ့ ဘန်လေ အသင်းကို ရှုံးခဲ့တဲ့ ပွဲမှာ ယူနိုက်တက် ဘက်က အသင်းပြောင်းဖွယ် ရှိသူ တွေလည်း ပွဲထွက် ကစားခဲ့ပါတယ်။ အေဂျက်က ဗန်ဒီဘိခ်ကို ပြန်ခေါ်ဖွယ် ရှိနေသလို မာရှယ် အတွက် ဆော်ဒီဘက်က ကမ်းလှမ်းမှုကောင်း ရဖို့လည်း တန်ဟက်က စောင့်ဆိုင်းနေပါတယ်။
နည်းပြ တန်ဟက် အတွက်တော့ ပရီးမီးယားလိဂ် အဖွင့်ပွဲမှာ ဝုဗ်ကို ကံကောင်းလို့ နိုင်ခဲ့ပေမယ့် စပါးကို ၂-ဝ နဲ့ ရှုံးခဲ့သလို အခုလို ကွင်းပိတ် ခြေစမ်းပွဲမှာလည်း အပြတ်အသတ် ရှုံးတယ် သတင်းထွက်လာတာကြောင့် ဖိအားတွေ ပိုများလာနေပါတယ်။
ဒီနွေမှာ အင်အားဖြည့်မှုတွေ ပြုလုပ်ခဲ့ပေမယ့်လို့ ယူနိုက်တက်ရဲ့ စွမ်းဆောင်ရည်တွေ တိုးတက်မလာသေးပါဘူး။ ဘန်လေနဲ့ ခြေစမ်းပွဲကို ကြိတ် ရှုံးလိုက်တာက ယူနိုက်တက်ဟာ စိတ်ဓာတ်ပိုင်း ဘာမြှင့်တင် ပြောင်းလဲမှုမှာ ဒီကြားထဲ လုပ်မထားနိုင်သေးဘူး ဆိုတာ ပေါ်လွင်စေခဲ့ပါတယ်။
မေဆန်မောင့် ဒဏ်ရာရနေခဲ့ကာ ဒီအပတ် ဖောရက်စ်ပွဲအပြင် နိုင်ငံတကာ သီတင်းပတ် မတိုင်ခင် နောက်ဆုံးပွဲဖြစ်တဲ့ အာဆင်နယ်ကို ရင်ဆိုင်ရမယ့်ပွဲတွေမှာ နည်းပြတန်ဟက်ဟာ လူစာရင်း အပြောင်းအလဲ ပြုလုပ်ဖို့ လိုအပ်မှာဖြစ်ပါတယ်။