အာဆင်နယ် အသင်းဟာ နွေဈေးကွက် မပိတ်ခင် အမှီ ကစားသမား အချို့ကို ရောင်းချမှု ပြုလုပ်ဖို့ စီစဉ်နေပြီး အစီအစဉ်တွေအတိုင်း ဖြစ်လာခဲ့ရင် အသုံးစရိတ် ပေါင် သန်း ၁၀၀ ကျော် ရရှိသွားနိုင်ပါတယ်။
အာတီတာ ရောင်းထုတ်ချင်နေတဲ့ အမေရိကန် တိုက်စစ်မှူး ဘာလိုဂန်ကို မိုနာကိုအသင်းက အဓိက ချိတ်ဆက် နေပါတယ်။ ဒါပေမယ့် အာဆင်နယ် တောင်းတဲ့ ပေါင် သန်း ၅၀ ပေးဖို့တော့ ညှိနှိုင်းနေရဆဲပါ။
မိုနာကို အပြင် အင်တာမီလန်နဲ့ ပရီးမီးယားလိဂ် ကလပ်တွေကလည်း တိုက်စစ်မှူးကို ခေါ်ယူဖို့ ချိတ်ဆက်မှု ရှိနေပါတယ်။
ဘာလိုဂန် အတွက် ချယ်ဆီး၊ စပါး၊ ဝက်စ်ဟမ်းလို လန်ဒန်ကလပ်တွေ အပြိုင်အဆိုင် ဖြစ်လာနေတာကြောင့် အာဆင်နယ်ဟာ အသက် ၂၂ နှစ်အရွယ် တိုက်စစ်သမားအတွက် သတ်မှတ်ဈေးကို ရရှိသွားမယ့် အခြေအနေ ဖြစ်ပါတယ်။
ဈေးကွက် နောက်ဆုံးအပတ်မှာ အာဆင်နယ်ကနေ ထွက်ခွာသွားနိုင်တာက ဘာလိုဂန် တစ်ဦးတည်း မဟုတ်ဘဲ ပရီးမီးယားလိဂ် အဖွင့် ၂ ပွဲကို လွဲချော်ထားတဲ့ ခံစစ်မှူး ဂါဘရီရယ်လည်း ပါဝင်နေပါတယ်။
ဆော်ဒီဘက်က ဘရာဇီးလက်ရွေးစင်ကို သဘောကျနေပြီး လာလီဂါကလပ် ရီးရဲလ်မက်ဒရစ်ကလည်း မီလစ်တာအိုနေရာ ရေရှည် အစားထိုးနိုင်မယ့်သူအဖြစ် ဂါဘရီရယ်ကို သဘောကျနေပါတယ်။ အာဆင်နယ်ကတော့ သူ့နေရာ အစားထိုးဖို့ ပဲလေစ့်မှ ဂူဟီကို ပစ်မှတ်ထားတာမျိုး ရှိထားဖူးပါတယ်။
တီရာနေးကိုတော့ နယူးကာဆယ်၊ အက်စတွန်ဗီလာ၊ ဆိုစီဒက်တို့ သဘောကျနေပြီး လိုကွန်ဂါကို ဘရိုက်တန်က ခေါ်ယူလိုနေတယ်။
ဟိုးဒင်း၊ ဆီဒရစ်၊ တာဘာရိစ်နဲ့ ပေပေတို့အတွက် ကမ်းလှမ်းမှုတွေ ရလာဖို့လည်း အာဆင်နယ်တို့ မျှော်လင့်ထားတာ ဖြစ်ပါတယ်။
အာဆင်နယ်ဟာ ဈေးကွက် နောက်ဆုံး အပတ်မှာ ဝင်ပါဖို့ ပြင်ဆင်နေဆဲဖြစ်ပြီး ကစားသမား ရောင်းချမှုကနေ ပေါင် သန်း ၁၀၀ ထပ်ရမယ်ဆိုရင် ထိပ်တန်း ခေါ်ယူမှုထက် လူစာရင်း တောင့်တင်းစေမယ့် ခေါ်ယူမှုတွေကို ဦးစားပေးဖွယ် ရှိပါတယ်။