ချယ်ဆီးနဲ့ အာဆင်နယ် အသင်းတို့မှာ ကစားသွားဖူးတဲ့ ပရီးမီးယားလိဂ် ကြယ်ပွင့်ဟောင်း ဖာဘရီဂတ်စ်က ဒီရာသီမှာ အာဆင်နယ်တို့ အမှတ်ပေးဖလား ထပ်မံ စိန်ခေါ်လာလိမ့်မယ်လို့ ထင်မြင်ချက် ပေးလာပါတယ်။
အသုံးစရိတ် ပေါင် သန်း ၂၀၀ ထုတ်ပြီး ဟာဗက်၊ ရိုက်စ်၊ တင်ဘာနဲ့ ယာယာတို့ကို ခေါ်ယူထားခြင်းဟာ အာဆင်နယ် ကို ပိုပြီး တောင့်တင်းလာစေပါတယ်။ အထူးသဖြင့် ဒီကလန်ရိုက်စ်ကို ခေါ်ယူနိုင်ခြင်းဟာ အာဆင်နယ်ကို မနှစ်ကထက် အရည်အချင်းပိုင်း ပိုတိုးတက်လာစေတာပါ။
‘ အာဆင်နယ်က ဒီရာသီ ပရီးမီးယားလိဂ်ကို ထပ်မံ စိန်ခေါ်မှာ ၁၀၀% သေချာပါတယ်။ အာဆင်နယ်က မနှစ်ကထက် ပိုပြီး တောင့်တင်းလာတယ်လို့ ကျနော် မြင်ပါတယ်။ သူတို့က မန်စီးတီးက ထပ်ပြီး တွန်းအားပေးနိုင်မှာပါ။
သူတို့ ပရီးမီးယားလိဂ် အနိုင်ရဖို့ မနှစ်ကထက် ပိုပြီး ကြိုးစားရမှာပါ။ မနှစ်ကလည်း သူတို့ လုပ်ပြခဲ့တာ အတော်လေး ကောင်းခဲ့ပါတယ်။ ရိုက်စ်ကလည်း သိပ်ကောင်းပြီး အာဆင်နယ်အတွက် ခေါင်းဆောင်ကောင်း တစ်ယောက် ဖြစ်လာမှာပါ ’ လို့ ဖာဘရီဂတ်စ်က သုံးသပ်ခဲ့ပါတယ်။
နောက်ထပ် လန်ဒန်အသင်းဖြစ်တဲ့ ချယ်ဆီးအသင်းရဲ့ လူအင်အား စုစည်းမှုနဲ့ သွားနေတဲ့ လမ်းကြောင်းကိုလည်း ဖာဘရီဂတ်စ်က သဘောကျနေပါတယ်။
လာမယ့် အချိန်တိုအတွင်းမှာ ချယ်ဆီးဟာ ပရီးမီးယားလိဂ် စိန်ခေါ်သူ နေရာကို ပြန် ရောက်လာမယ်လို့ သူက ခန့်မှန်းခဲ့တယ်။
‘ သူတို့ ဘာလုပ်နေလဲ ကျနော် မြင်ပါတယ်။ ငယ်ရွယ်ပြီး တိုက်ခိုက်နိုင်တဲ့၊ သန်မာ အားကောင်းတဲ့ အသင်းကို တည်ဆောက်နေတာပါ။ လာမယ့် နှစ်နှစ်အတွင်း ပရီးမီးယားလိဂ်ကို စိန်ခေါ်ဖို့ အဆင်သင့် ဖြစ်နေပါလိမ့်မယ်။
သူတို့ လက်မှတ်ထိုးလိုက်တဲ့ ကစားသမားတွေကလည်း အတော်လေး အရည်အချင်း ရှိပါတယ်။ ဒီကစားသမားတွေကို အတူတကွ စုစည်းပြီး လိဂ်အသစ်မှာ အသားကျလာအောင် ကြိုးစားပေးနိုင်မယ်ဆိုရင် အများကြီး အကောင်းမြင်စရာ ရှိလာပါလိမ့်မယ်။
ဒီရာသီတော့ ဟုတ်ချင်မှ မဟုတ်မယ်၊ မသိနိုင်ဘူးလေ။ ဒါပေမယ့် နောက်ရာသီကစပြီး ချယ်ဆီးတို့ ပရီးမီးယားလိဂ် စိန်ခေါ်နိုင်မှာ သေချာပါတယ် ’ လို့ ဖာဘရီဂတ်စ်က မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။