မန်စီးတီး အသင်းဟာ မနေ့ညက ဖူလ်ဟမ်ကို ၅-၁ နဲ့ အနိုင်ရခဲ့ပြီး ရလဒ် ပြတ်သားသွားပေမယ့် ပထမပိုင်းမှာ အကီ သွင်းခဲ့တဲ့ ဂိုးက လူကျွံတယ် ဆိုတဲ့ သုံးသပ် ထောက်ပြမှုတွေ ရှိနေပါတယ်။
အကီရဲ့ ၁၂ ကိုက်အကွာက ခေါင်းတိုက်ချက်ဟာ ဂိုးပေါက်ထဲကို ဝင်သွားပေမယ့်လို့ ဖူလ်ဟမ် ဂိုးသမား လီနိုရဲ့ မြင်ကွင်းလမ်းကြောင်းမှာ အခန်ဂျီ လှုပ်ရှားမှုနဲ့ နှောက်ယှက်ခြင်းဟာ လူကျွံစည်းမျဉ်းအရ ဂိုးပယ်ဖျက်ရမှာပါ။ ဒါပေမယ့် သွင်းဂိုးအဖြစ် ပေးခဲ့တာကြောင့် အတော်လေး လူပြောများနေခဲ့ပါတယ်။
စီးတီး တိုက်စစ်မှုး ဟာလန်း ကိုယ်တိုင်ကလည်း အကီ ရဲ့ ဂိုးက လူကျွံနေကြောင်း ပွဲ အပြီးမှာ ရိုးရိုးသားသား ဝန်ခံသွားခဲ့ပါတယ်။
” အဆုံးမှာ ကျနော်တို့ ၅-၁ နဲ့ နိုင်ခဲ့တယ်။ ထိုက်လည်း ထိုက်တန်ခဲ့တယ်။ (အကီရဲ့) အဲဒီဂိုးကတော့ လူကျွံနေတယ် လို့ ကျနော် ထင်တယ်။ သူတို့အတွက် စိတ်မကောင်းပါဘူး။ ကျနော်သာ သူတို့ နေရာမှာ ဆိုရင်လည်း ဒေါကန်မိမှာပဲ။ သူတို့ အတော် ခံစားခဲ့ကြရမှာပါ။ ” လို့ ဟာလန်းက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
အကီရဲ့ ခေါင်းတိုက် သွင်းဂိုးဟာ လူကျွံသလား? မကျွံဘူးလား? အပေါ် စကိုင်းစပေါ့မှာလည်း ဒိုင်လူကြီးဟောင်း မိုက်ဒင်းတို့က ဆွေးနွေးခဲ့ပါတယ်။
ဒိုင်လူကြီးဟောင်း မိုက်ဒင်းက ” ကျနော် အမြင်မှာ အဲ့ဂိုးက ခွင့်မပြုသင့်ပါဘူး။ အခန်ဂျီက ဘောလုံးကို ခုန်ရှောင်ခဲ့ပြီး သွင်းဂိုးအတွက် ပါဝင်စွက်ဖက်မှု လုပ်ခဲ့ပါတယ်။ မန်စီးတီး ကစားသမားက အဲ့နေရာမှာ ရှိနေတာမို့ လီနိုက ဆုံးဖြတ်ချက်လုပ်ဖို့ ချီတုံချတုံ ဖြစ်နေခဲ့တာပါ။ မပေးသင့်တဲ့ ဂိုးပါပဲ ” လို့ မှတ်ချက်ပေးခဲ့တယ်။
စီးတီးဂိုးသမားဟောင်း ရှေးဂစ်ဗင်ကလည်း ” ဒီဂိုးကို လူကျွံဘောအဖြစ် မသတ်မှတ်တာကို ကျနော် အံ့ဩမိပါတယ်။ အခန်ဂျီက ဂိုးသမားရဲ့ မြင်ကွင်းလိုင်းပေါ်မှာ သိသိသာသာ ရှိနေတာပါ။ သူက ဘောလုံးလမ်းကြောင်းကို ခုန်ရှောင်ခဲ့တယ်။
ဒီတော့ အခန်ဂျီက ဂိုးသမားရဲ့ လိုင်းကို ပါဝင်စွက်ဖွက်မှု လုပ်တာ မဟုတ်ပါဘူး ငြင်းလို့ မရတော့ပါဘူး။ အခန်ဂျီ ဘောလုံးထိမှာကို လီနိုက စောင့်နေခဲ့ရတာလေ ” လို့ ထောက်ပြခဲ့ပါသေးတယ်။