ချယ်ဆီးအသင်းဟာ နော်တင်ဟမ် ဖောရက်စ်ကို အိမ်ကွင်း စတမ်းဖိုဒ့်ဘရစ်ချ်မှာ ဧည့်ခံကစားပြီး အီလန်ဂါရဲ့ တစ်ဂိုးတည်းသော သွင်းဂိုးကို ခွင့်ပြုရခြင်းနဲ့အတူ အရေးနိမ့်ခဲ့ပါတယ်။
ဒီပွဲမှာ နည်းပြပိုချက်တီနိုဟာ ပရီးမီးယားလိဂ်ရဲ့ စျေးအကြီးဆုံး ကွင်းလယ်လူ နှစ်ဦးဖြစ်တဲ့ ကိုင်ဆီဒို၊ ဖာနန်ဒက်စ်တို့ကို ထုတ်သုံးခဲ့သလို ဂူစတို၊ ဂျက်ဆန်တို့လည်း ပါဝင်ခဲ့ပေမယ့်လို့ အခွင့်အရေး ဖြုန်းတီးမှုတွေနဲ့အတူ ဂိုးရဖို့ အတော်လေး ရုန်းကန်ခဲ့ရတာ ဖြစ်ပါတယ်။
ချယ်ဆီးရဲ့ ဘောလုံးကိုင်ကစားနိုင်စွမ်း ကောင်မွန်ပေမယ့် ချီးဝဲလ်တို့လို အစွန်-တောင်ပံသမားတွေဟာ ဧရိယာထဲ ဝင်ရောက်ရာမှာ တိုက်စစ်သမားတွေလို ထိရောက်နိုင်စွမ်း မရှိခဲ့ပါဘူး။ ဂျက်ဆန်ကလည်း အခွင့်အရေးတွေကို အတော်လေး ဖြုန်းတီးခဲ့ပါတယ်။
ဘောလုံးပိုင်ဆိုင်မှုကို ၈၀% လောက်ထိ ထိန်းထားနိုင်တဲ့ ချယ်ဆီးမှာ ဧရိယာထဲ ထိုးဖောက်ကစားနိုင်မယ့် တိုက်စစ်မှူးကောင်းတွေ လိုအပ်နေခဲ့ပြီး ကျစ်ကျစ်လစ်လစ် ခံစစ်ကစားတဲ့ ဖောရက်စ်ကို ထိုးဖောက်ဖို့ အတော်လေး ခက်ခဲခဲ့ပါတယ်။
ချယ်ဆီးတို့ ပေါ့လျော့မှုကနေပဲ ဒုတိယပိုင်းမှာတော့ အဝန်နီယီရဲ့ ပေးချက်ကို အီလန်ဂါက ဆွဲယူသွားပြီး ညာဘက်ဒေါင့်ထဲ အသာအယာ ပိတ်သွင်းပါတယ်။ ဖောရက်စ်ဟာ အီလန်ဂါနဲ့ အဝန်နီယီ နှစ်ဦးတည်းနဲ့ ချယ်ဆီးကို တန်ပြန်တွေ ပြန်ကစားပြခဲ့ပါတယ်။
ခြေပဂိုးအတွက် ဂျက်ဆန်တို့တွေ အတော်လေးကောင်းတဲ့ အပိုင်အခွင့်အရေးတွေ အံ့အားသင့်ဖွယ် ဖြုန်းတီးခဲ့တာကလည်း ပိုချက်တီနိုရဲ့ အသင်းသားတွေ အလုပ် အများကြီး လုပ်ဖို့ လိုအပ်နေတာကို မြင်သာစေပါတယ်။ ပါးမား၊ မာဒူခီ၊ မူဒရစ်တို့ကို ဒုတိယပိုင်း ထည့်သွင်းပေမယ့် သွင်းဂိုးတော့ မရခဲ့ပါဘူး။
ချယ်ဆီးက တစ်သင်းလုံး ဖိအားပေမယ့် အစွယ်မရှိတဲ့ ကျားလိုဖြစ်နေခဲ့ပြီး တိုက်စစ်က အတော်လေး လိုအပ်ချက်များခြင်းကြောင့် အိမ်ကွင်းမှာ ဖောရက်စ်ကို အရေးနိမ့်ပြီး စိတ်ပင်ပန်းစရာ နိုင်ငံတကာ သီတင်းပတ်ကို ဝင်ရောက်ခဲ့ပြီ ဖြစ်ပါတယ်။