ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဆော်ဒီလိဂ် အပြောင်းအရွှေ့ ပိတ်ရက် ဖြစ်ခဲ့ပြီး ထိုဈေးကွက် မပိတ်ခင်မှာ ဆော်ဒီကလပ် Al-Ettifaq က ယူနိုက်တက် တိုက်စစ်သမား ဆန်ချို ကို ခေါ်ယူဖို့ ကြိုးစားခဲ့သေးပေမယ့် ညှိနှိုင်းမှု အဆင်မပြေတာကြောင့် ပျက်ပြယ်သွားခဲ့ရပါတယ်။

မန်ချက်စတာ ယူနိုက်တက် ရဲ့ တောင်းဆိုမှု များလွန်းတာကြောင့် ဆော်ဒီကလပ် Al-Ettifaq အသင်းထံ ဆန်ချို ပြောင်းရွှေ့ရေး ကိစ္စ ပျယ်ပြယ်ခဲ့ရခြင်း အဓိက အကြောင်းရင်း ဖြစ်တယ်လို့ ထွက်ပေါ်လာပါတယ်။

စတီဗင်ဂျရတ် ကိုင်တွယ်နေတဲ့ ဆော်ဒီကလပ်ဟာ နည်းပြတန်ဟက်နဲ့ မကျေမလည် ဖြစ်နေတဲ့ ဆန်ချိုကို ခေါ်ယူဖို့ အတွက် စိတ်ဝင်စားမှု ပြသခဲ့တာပါ။ ဒီရာသီကုန်ထိကို အငှားဖြင့် ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပြီး ယူနိုက်တက် ကလည်း ဆန်ချိုကို ထွက်ခွင့်ပေးဖို့ ပြင်ဆင်ခဲ့ပါတယ်။

ဒါပေမယ့်လို့ နောက်ပိုင်းမှာ ဒေါ့မွန် ကြယ်ပွင့်ဟောင်းကို ခေါ်ယူရေးကနေ Al-Ettifaq က လက်ရှောင် သွားခဲ့ပါတယ်။

အဓိက အကြောင်းရင်းကတော့ ယူနိုက်တက်ဟာ ဆန်ချိုရဲ့ အငှား စာချုပ်မှာ ပေါင် သန်း ၅၀ ဖြင့် အပြီးသတ် ခေါ်ယူခွင့် အချက်မျိုး ထည့်သွင်းလိုခဲ့တာပါ။ Al-Ettifaq အသင်းက အဆိုပါ ပမာဏကို မတတ်နိုင်တာကြောင့် ညိနှိုင်းမှု အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။

ဆန်ချိုဟာ အင်္ဂလန် ကြယ်ပွင့် ကစားသမား တစ်ဦး ဖြစ်ပေမယ့် ၃ ရာသီ ဆက်တိုက် ခြေစွမ်း မြုပ်နေကာ ပွဲကစားခွင့် ရှိနေတဲ့ ကစားသမားလည်း မဟုတ်တော့ပါဘူး။

ဂျရတ်ရဲ့ Al-Ettifaq အသင်းဟာ ပရီးမီးယားလိဂ် ကစားသမားဟောင်းတွေ ဖြစ်တဲ့ ဟန်ဒါဆန်၊ ဝိုင်နယ်ဒမ်နဲ့ ဂရေးတို့ကို ဒီနွေမှာ ခေါ်ယူထားခဲ့တယ်။ ယူနိုက်တက်ကနေ ထွက်ခွာမယ့် ဂရင်းဝုဒ်ကိုတောင် ခေါ်ယူဖို့ ကြိုးစားခဲ့ပါသေးတယ်။

အသက် ၂၃ နှစ်အရွယ် ဆန်ချိုဟာ ယူနိုက်တက်မှာ ပစ်ပယ်ခံ ကစားသမား ဖြစ်လာတာကြောင့် နည်းပြတန်ဟက်နဲ့ လူမှုကွန်ယက်မှာ အတိုက်အခံ စကားမျိုး ပြောဆိုခဲ့ကာ ယူနိုက်တက် ရင်ဆိုင်နေရတဲ့ ပြဿနာတွေထဲက တစ်ခု ဖြစ်လာခဲ့ပါတယ်။