နည်းပြ အာတီတာရဲ့ အာဆင်နယ် အသင်းဟာ မနေ့ညက ဂွတ်ဒီဆင်ပါ့ခ်မှာ အဲဗာတန်ကို ၁-၀ ဖြင့် အနိုင်ရခဲ့ပြီး အဖိုးတန် အဝေးကွင်း နိုင်ပွဲ ၃ မှတ်ပြည့် ရယူနိုင်ခဲ့ပါတယ်။

အာဆင်နယ် အသင်းဟာ အခုချိန်ထိ ဒီရာသီ ပရီးမီးယားလိဂ် ၅ ပွဲ ကစားထား ရာမှာ ၁၃ မှတ်ထိ ရထားပြီ ဖြစ်ပါတယ်။

ဒါပေမယ့် လာမယ့် ၇ ရက်အတွင်း ချန်ပီယံလိဂ်ပွဲ အပြင် စပါးနဲ့ လန်ဒန်ဒါဘီပွဲ တို့ ကစားဖို့ ရှိနေသလို အဲဒီနောက် နောက်လထဲမှာလည်း ပရီးမီးယားလိဂ် အဓိက ပြိုင်ဘက် မန်စီးတီးနဲ့လည်း တစ်ပွဲ ကစားရဖို့ ရှိနေတာကြောင့် ခက်ခဲတဲ့ စိန်ခေါ်မှုတွေက စောင့်ကြို နေပါတယ်။

အာဆင်နယ်အနေနဲ နှစ်ပေါင်း ၂၀ ကြာ ဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ဖလားကို အောင်မြင်ရေးအတွက်ဆိုရင် ထို ပွဲစဉ် ၃ ပွဲကနေ ခွန်အားတွေ ယူရမယ် လို့ ဂန်းနားဟောင်းကြီး အီရန်ရိုက်က အဲဗာတန်နဲ့ ပွဲ အပြီးမှာ သတိပေး လိုက်ပါတယ်။

” အာဆင်နယ်အတွက် အရေးကြီး ပွဲ ၃ ပွဲရှိတယ်။ ပီအက်စ်ဗီပွဲက အရေးကြီးတယ် ဘာလို့လဲဆိုတော့ ချန်ပီယံလိဂ် ပွဲစဉ် ဖြစ်နေလို့ပဲ။ ဒါက ပထမဆုံး ချန်ပီယံလိဂ်ပွဲဖြစ်တယ်။ ဒါကြောင့် အာဆင်နယ်အတွက် ပွဲကြီးတစ်ပွဲပဲ။

နောက်ထပ်ပွဲက တော့တင်ဟမ်နဲ့ပွဲ၊ သူတို့ ပုံစံကောင်းတွေ ရနေတာမို့ ဒီဒါဘီပွဲက မယုံနိုင်လောက်အောင် ပြင်းထန် လိမ့်မယ်။ ပြီးရင်တော့ မန်စီးတီးနဲ့ ရင်ဆိုင်ရမယ့် ပွဲပါပဲ။

အာဆင်နယ်အနေနဲ့ ပရီးမီးယားလိဂ်ဖလားကို အလေးအနက် စိန်ခေါ်လိုရင် သူတို့ထဲက တစ်သင်းကိုတော့ နိုင်ဖို့လိုတယ်။

ဒီလိုအသင်းတွေကို အနိုင်ယူတာ၊ အနီးအနားက အသင်းတွေကို အနိုင်ယူတာမျိုး လုပ်နိုင်ရမယ်။ အခြားအသင်းတွေ မန်စီးတီးကို ဒုက္ခပေးကြပါစေလည်း ဆုတောင်းပေါ့။ ဒါပေမယ့် သူတို့ကို အနိုင်မရခဲ့ရင် ဆုဖလား စိန်ခေါ်ဖို့ သိပ်ခက်ခဲပါတယ်။

သူတို့ကို အနိုင်ယူလို့ ရလာတဲ့ တစ်ခုခုနဲ့ ယုံကြည်မှုပိုင်း တည်ဆောက်ရမှာ ဖြစ်ပါတယ်။ ” လို့ အီရန်ရိုက်က ထောက်ပြ သတိပေးသွားတာ ဖြစ်ပါတယ်။