နည်းပြ တန်ဟက်ဟာ လွန်ခဲ့တဲ့ ၁ နှစ်တုန်းက သူ့ရဲ့ ပထမဆုံးသော မန်ချက်စတာ ယူနိုက်တက် နည်းပြဘဝအဖြစ် စကိုင်တဲ့ ပွဲမှာ အိုးထရက်ဖို့ဒ် မှာ ဘရိုက်တန်ကို အရေးနိမ့်ခဲ့ပါတယ်။
တစ်နှစ်အကြာ အိုးထရက်ဖို့ဒ် မှာပဲ ဘရိုက်တန်ကို ထပ်မံ အရေးနိမ့်ခဲ့ပြီး ယူနိုက်တက်အသင်းဟာ နာကျင်ရမှုနဲ့ အံ့ဩသင့်ရမှုတွေကို ထပ်မံ ပိုင်ဆိုင်လာခဲ့ပါပြီ။
ဒါ့အပြင် ဒီတစ်ကြိမ်မှာတော့ နယ်သာလန်သားရဲ့ နည်းပြထိုင်ခုံဟာ နည်းနည်းတော့ လှုပ်လာခဲ့ပြီ ဖြစ်ပါတယ်။
အင်္ဂလန်သတင်းဌာန ဒေးလီးမေးကတော့ ယူနိုက်တက်ဟာ နည်းပြတန်ဟက်အတွက် အသုံးစရိတ် ပေါင် သန်း ၄၀၀ ထိ ထုတ်ပေးထားပေမယ့်လို့ ဒီရာသီ ခက်ခဲတဲ့ စတင်မှုကြောင့် ကလပ်တွင်းမှာ အချက်ပေးသံတွေ ညံလာခဲ့ပြီလို့ ဆိုပါတယ်။
ဘရိုက်တန်အသင်းရဲ့ ပွဲထွက်လူစာရင်းအတွက် အသုံးစရိတ်ဟာ ပေါင် ၁၇ သန်းပဲ ကုန်ကျထားတာဖြစ်ပြီး နည်းပြ ဒီဇာဘီရဲ့ နည်းစနစ်အောက်မှာ နည်းပြတန်ဟက် လုံးလုံးလျာလျာ အရေးနိမ့်ခဲ့ခြင်းဟာ ယူနိုက်တက်တို့ နောက်ပြန် ဆုတ်နေပြန်ပြီလို့ ပရိသတ်တွေကို ရင်ပူစရာတွေ ပေးလာနေခဲ့ပါပြီ။
ဟွိုင်လန်းကို ပွဲထွက်လူစာရင်းကနေ သုံးခဲ့ပေမယ့် မာရှယ်နဲ့ လူစားလဲချိန်မှာ မန်ချက်စတာ ယူနိုက်တက်ပရိသတ်တွေ boo လုပ်ခဲ့ကြတာက ဒီကာလတွေအတွင်း ပထမဆုံးအကြိမ် ပရိသတ်တွေက နည်းပြတန်ဟက်ကို ကျောခိုင်း လာကြခြင်းပဲ ဖြစ်ပါတယ်။
တန်ဟက်ကတော့ ဒီအပြုအမူကို အကောင်းမြင်စရာလို့ သုံးသပ်ခဲ့ပေမယ့် ပရိသတ်တွေရဲ့ ထောက်ခံမှု ပြန်ရဖို့ဆိုရင် ယူနိုက်တက်က နိုင်ပွဲတွေ ပြန်ရဖို့ လိုနေပြီဖြစ်တယ်။ မဟုတ်ခဲ့ရင်တော့ ရာသီအစမှာတင် တန်ဟက်နဲ့ မန်ချက်စတာ လမ်းခွဲဟာ ဟိုးလေးတကျော် ဖြစ်လာဖွယ် ရှိနေခဲ့ပါပြီ။