စနေနေ့ညက တော့တင်ဟမ် စပါးနဲ့ လီဗာပူးပွဲ ပထမပိုင်းမှာ ဒီယက်ဇ်ရဲ့ သွင်းဂိုးဟာ ဝင်ခဲ့ပေမယ့် လူကျွံဘောအဖြစ် မှားယွင်း ဆုံးဖြတ်မိပါတယ်လို့ ညက ပွဲ ပြီးပြီးချင်းမှာပဲ ပရော်ဖက်ရှင်နယ် ဒိုင်လူကြီးများ အဖွဲ့ PGMOL က ဝန်ခံကာ ကြေညာချက် ထုတ်လိုက်ပါတယ်။
ဒီယက်ဇ်ရဲ့ သွင်းဂိုး ဝင်ခဲ့ပေမယ့် စည်းကြပ်ဒိုင်က လူကျွံဘော ထောင်ခဲ့တာဖြစ်ပြီး ဒီလို ပရီးမီးယားလိဂ် ပွဲကြီး ပွဲကောင်းကို ဂိုး ပေးသင့် မပေးသင့် VAR လည်း မစစ်ခဲ့ဘူးလို့လည်း ၎င်းတို့က အတည်ပြုခဲ့ပါတယ်။
ပရော်ဖက်ရှင်နယ် ပရီးမီးယားလိဂ် ဒိုင်အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဒိုင်လူကြီး အမှားအတွက် တောင်းပန်စကားတော့ မပါဘဲ မှားယွင်းခဲ့ကြောင်းကိုသာ ဝန်ခံ ဖော်ပြခဲ့ပါတယ်။
” လီဗာပူးနဲ့ စပါးပွဲ ပထမပိုင်းမှာ လူသား (ဒိုင်လူကြီး) ဆုံးဖြတ်ချက်အမှား လုပ်ခဲ့မိကြောင်း PGMOL အနေနဲ့ အသိအမှတ်ပြုပါတယ်။
ဒီယက်ဇ်ရဲ့ သွင်းဂိုးက ကွင်းထဲက ပွဲကြီးကြပ်ရေး တာဝန်ရှိသူ တစ်ဦးရဲ့ ဆုံးဖြတ်ချက်ကြောင့် လူကျွံဘော ဖြစ်ခဲ့ပါတယ်။ သိသာထင်ရှားတဲ့ အမှားကို ပြန်လည် စစ်ဆေးမှုနဲ့အတူ VAR ဘက်က စစ်ဆေး အတည်ပြုပြီး ဂိုးပေးသင့်ပေမယ့် လုပ်ဆောင်ဖို့ ပျက်ကွယ်ခဲ့ပါတယ်။
ဒီအမှားနဲ့ ပတ်သက်ပြီး PGMOL ဘက်က အပြည့်အဝ ပြန်လည် စစ်ဆေးမှု ပြုလုပ်မှာပါ။ PGMOL ဘက်က လီဗာပူး အသင်းကို ဆက်သွယ်သွားမှာဖြစ်ပြီး ဒီလို အမှား ထပ်မဖြစ်အောင် လုပ်ဆောင်ရမယ်ဆိုတာ နားလည်ပါတယ် ” လို့ ထုတ်ပြန်သွားပါတယ်။
ဒီနေ့ပွဲဟာ လီဗာပူးအတွက် အတော်လေး ထိခိုက်စေခဲ့ပြီး ဇယားထိပ် တက်နိုင်မယ့် အခွင့်အရေးဟာ ရှုံးပွဲအဖြစ် အဆုံးသတ်သွားခဲ့ပြီ ဖြစ်ပါတယ်။