မန်ချက်စတာ ယူနိုက်တက်ဟာ ဒီည အိုးထရက်ဖို့ဒ်မှာ ခရစ္စတယ်ပဲလေ့စ်ကို ဧည့်ခံ ကစားခဲ့ရာ ပြီးခဲ့တဲ့ ကာရာဘောင်းပွဲ လို မျက်နှာပန်း မလှတော့ဘဲ့ ၁-ဝ နဲ့ ရှုံးနိမ့်သွားခဲ့ရပါတယ်။

ဒီရှုံးပွဲပြီးတဲ့နောက် မန်ချက်စတာ ယူနိုက်တက်ဟာ ၃၄ နှစ်အတွင်း အဆိုးရွားဆုံး တာထွက်ကို ပိုင်ဆိုင်သွားခဲ့ပါပြီ။

ဒီရာသီ ပထမဆုံးအကြိမ် အဖြစ် ပြိုင်ပွဲစုံ ၃ ပွဲဆက် အနိုင်ရလဒ် ရနိုင်ဖို့ မျှော်လင့်ခဲ့ပေမယ့် မန်ယူနိုက်တက်ဟာ ဒီပွဲမှာ ပဲလေစ့်ရဲ့ မာကျောမှုကို မယှဉ်နိုင်ခဲ့ပါဘူး။ ကစားပုံမဆိုးပေမယ့် နည်းစနစ်ပိုင်းအရတော့ နည်းပြ တန်ဟက်ဟာ ဝါရင့်ကြီး ဖြစ်တဲ့ ပဲလေစ့်နည်းပြ ရွိုင်ဟော့ဆန်ကို အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲဟာ ပဲလေစ့်ကိုပဲ ချီးကျူးရမှာဖြစ်ကြောင်း ဝါရင့် သုံးသပ်သူ ဆက်တန်ကလည်း ထောက်ခံခဲ့ပြီး ယူနိုက်တက်ရဲ့ ခြိမ်းခြောက်မှု အနည်းငယ်ကို ပဲလေစ့်က အကောင်းဆုံး ဟန့်တားခဲ့တာကြောင့် ထိုက်တန်တဲ့ နိုင်ပွဲလို့ ချီးကျူးခဲ့ပါတယ်။

ပွဲအပြီးမှာ ဆက်တန်ကတော့ ” ပဲလေစ့် အနိုင်ရတာက ထိုက်တန်တယ် ဆိုတာထက်ကို ပိုပါတယ်။ သူတို့ အကောင်းဆုံး ကစားနိုင်ရင် ပဲလေစ့်ဟာ ထိုးဖောက်ရ သိပ်ခက်ခဲတဲ့ အသင်းဆိုတာ ကျနော်တို့ အားလုံးသိပါတယ်။

အန်ဒါဆန် သိပ်ကောင်းတဲ့ ကန်ချက်နဲ့ ဂိုးရယူခဲ့သလို ပဲလေစ့် ခံစစ်ကစားပြသွားတာ သိပ်ကို ပြောင်မြောက်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ပဲလေစ့်ဂိုးသမား ဂျွန်စတုန်း ကာကွယ်မှု အနည်းငယ် လုပ်ရအောင်လောက်ပဲ တတ်နိုင်ခဲ့တယ်။ ပဲလေစ့် ခံစစ်သမားတွေကလည်း အခွင့်အရေး အချို့ကို ကောင်းကောင်းကြီး ရှင်းထုတ်နိုင်ခဲ့တယ်။ ဒါကလွဲရင် ယူနိုက်တက်တို့ ဖန်တီးမှု လုပ်ဖို့လည်း ရုန်းကန်ခဲ့ရပါတယ်။

နည်းပြတန်ဟက်အတွက် စိုးရိမ်ပူပန်စရာ ညနေခင်းတစ်ခု ပိုင်ဆိုင်သွားခဲ့ပြန်ပါပြီ ” လို့ သုံးသပ်သွားပါတယ်။

ဒီပွဲအပြီး ပဲလေစ့်ဟာ အဆင့် ၁၀ က ယူနိုက်တက်ကို ကျော်တက်ကာ အဆင့် ၉ နေရာမှာ ၂ မှတ်အသာဖြင့် ရပ်တည်သွားပြီဖြစ်ပါတယ်။