မန်ချက်စတာ ယူနိုက်တက်မှာ ကစားသမားတွေဟာ ဘယ်နေရာမှာ ဘယ်လို ကစားရမယ် မသိဘူးဖြစ်နေသလို အမရာဘတ်ကိုလည်း မသုံးရမယ့် ခံစစ်မှာ သုံးနေတယ်လို့ ပေါမာဆန်က နည်းပြတန်ဟက်အား ထောက်ပြ ဝေဖန် လိုက်ပါတယ်။

ဟွိုင်လန်းကလည်း တိုက်စစ်မှာ ဘာအကူအညီမှ မရဖြစ်နေကြောင်းနဲ့ ကစားဟန်တစ်ခု မယ်မယ်ရရ မရှိဖြစ်နေတဲ့ ယူနိုက်တက်မှာ ကွင်းလယ်လူတွေက ဘုံပျောက်နေတယ်လို့ ပေါမာဆန်ကြီး က အခုလို ပြောခဲ့ပါတယ်။

ပေါမာဆန်က ‘ မန်ချက်စတာ ယူနိုက်တက် ကစားတာကို ကြည့်လိုက်ရင် အားလုံးက တစ်နေရာတည်းမှာ ထပ်နေကြတယ်။ ဘာ လှုပ်ရှားမှုမှ မရှိဘူး။ သူတို့လို အသင်းကြီး တစ်သင်းက ဖိအားတွေ ရှိနေချိန် ယူနိုက်တက် ကစားသမားတွေ ဘယ်လို ကစားကြရမယ် မသိဘူး ဖြစ်နေတယ်။

ကျန်တဲ့ အသင်းကြီးတွေ အားလုံးမှာ ကိုယ်ပိုင် ကစားဟန်ရှိတယ်၊ မန်ချက်စတာ ယူနိုက်တက်ပဲ မရှိတာ။ အမရာဘတ်ကို ဘယ်ခြမ်းမှာ ဖြုန်းတီးနေတယ်။ သူ ကွင်းလယ်ထဲ ဝင်ကစားပေမယ့် သူ့ကို ကွင်းလယ်ကနေပဲ ပွဲထုတ်သင့်တာ။

ဟွိုင်လန်းက တိုက်စစ်မှာ ကစားနေပြီး တောင်ပံသမားတွေက သူ့အတွက် ဖြတ်တင်ဘောတွေ မလုပ်ပေးတာကလည်း ခက်ခဲတယ်။ သူက လိုအပ်တဲ့ ထောက်ပံ့မှု မရဘူး။ မောင့်၊ ကာဆီမီရို၊ ဖာနန်ဒက်စ်တို့ကလည်း သူတို့ ဘယ်နေရာမှာ ကစားရမယ်ဆိုတာ မသိကြဘူး။

ယူနိုက်တက်ကို ကြည့်ရတာ စိတ်ပူစရာပဲ။ ကျနော်ကတော့ မောင့်နဲ့ ဖာနန်ဒက်စ်တို့က ဘယ်နေရာမှာ သူတို့ ကစားရမယ် မသိဘူးဖြစ်နေတယ်လို့ပဲ မြင်မိတယ်။ ’ လို့ သုံးသပ်သွားတာ ဖြစ်ပါတယ်။

နည်းပြ တန်ဟက်ရဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ ဒီကြားရက်မှာ ဂါလာတာစရေးနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ကာ စနေနေ့မှာတော့ ဘရန့်ဖိုဒ့်ဖြင့် ထိပ်တိုက်တွေ့မှာ ဖြစ်ပါတယ်။