ပြီးခဲ့တဲ့ တော့တင်ဟမ် စပါး Vs လီဗာပူး ပွဲစဉ်မှာ ဒီယက်ဇ်ရဲ့ သွင်းဂိုးကို နားလည်မှု လွဲသွားလို့ပါ ဆိုတဲ့ အကြောင်းပြချက်နဲ့ မပေးခဲ့တဲ့ VAR ဆုံးဖြတ်ချက် ကြောင့် ပရီးမီးယားလိဂ်ဟာ အဲ့လောက်တောင်မှ Fair မဖြစ်တဲ့ ပြိုင်ပွဲလားဆိုတဲ့ ဂယက်ကြီးက ကြီးထွားလာခဲ့ပါတယ်။
အဆိုပါပွဲအပြီး လီဗာပူးပရိသတ်တွေအပြင် ဘောလုံးပရိသတ်တွေရဲ့ ပရီးမီးယားလိဂ် ဒိုင်အဖွဲ့က တာဝန်ယူမှု မရှိတဲ့ ဆုံးဖြတ်ချက်တွေအတွက် ပေါက်ကွဲမှုတွေ ဆက်တိုက် ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။
လီဗာပူးအသင်းဘက်က ‘ဒီကိစ္စအတွက် ဖြေရှင်းမယ်’ လို့ စာထုတ်ခဲ့ပြီး ‘ဘယ်လို နည်းလမ်းတွေနဲ့ ဖြေရှင်းနိုင်မလဲ ရှာဖွေသွားမယ်’ လို့လည်း တရားဝင် ထုတ်ပြန်ခဲ့တဲ့ ကြေညာချက် စာအတွင်းမှာ ထည့်သွင်းသွားပါတယ်။
ဒီနေ့ခင်းမှာပဲ အင်္ဂလန်သတင်းဌာန ဒေးလီးမေလ်းက ဘောလုံးပရိသတ်တွေ ပြောလာတဲ့ ထင်မြင်ချက်တွေကို စုစည်းကာ “စပါး Vs လီဗာပူး ပွဲစဉ်ဟာ ပြန်လည် ယှဉ်ပြိုင်သင့်သလား?” ဆိုပြီး သတင်းကြီးတစ်ပုဒ်ပါ ဖော်ပြသွားခဲ့ပါတယ်။
ရလဒ်ထွက်ပြီးသား ပရီးမီးယားလိဂ် ပွဲစဉ်တစ်ပွဲကို ပြန်ကန်တာမျိုးဟာ ဘယ်တော့မှ ဖြစ်လာမယ့် ကိစ္စ မဟုတ်ပါဘူး။ ဒါပေမယ့်လို့ ဒီကနေ့ ဘောလုံးပွဲတွေဟာ ပွင့်လင်းမြင်သာမှု မရှိတော့ခြင်းအပေါ် ဘောလုံးပရိသတ်တွေရဲ့ စိတ်ပျက်မှုကတော့ သတိထားစရာ ဖြစ်လာခဲ့ပါတယ်။
ယခင်က ဘောလုံးပွဲတွေကို ကွင်းတွင်းက ဒိုင်လူကြီး ၃ ဦးဖြင့် ဆုံးဖြတ်ရပေမယ့် အခုချိန်မှာတော့ ပိုမို တိကျအောင် အမှားနည်းအောင်ဆိုပြီး နောက်ကွယ်ကနေ VAR ဒိုင်လူကြီး ၂ ဦးကို ထပ်ဖြည့်လာခဲ့ကြတာပါ။ ဒါပေမယ့် ပွဲစဉ် အချို့မှာ VAR ဒိုင်တွေရဲ့ ဆုံးဖြတ်ချက်တွေဟာ ရလဒ်ကို ပြောင်းလဲစေတာမျိုး မြင်လာရတာ ဖြစ်ပါတယ်။
ဘောလုံးပရိသတ်တွေကတော့ VAR ဒိုင်တွေက ဗီဒီယိုခန်းထဲမှာ ဘာလုပ်နေကြတာလဲ? သူတို့က လီဗာပူးပွဲစဉ်မှာ ဖြစ်သွားသလိုပဲ ဘောလုံးပွဲကို မကြည့်ဘဲ ခန့်မှန်းချက်တွေနဲ့ပဲ ဆုံးဖြတ်နေကြတာလား? ပရီးမီးယားလိဂ် ဒိုင်လူကြီးတွေကို စုံစမ်းရမယ့် အခြေအနေ ရောက်ရှိလာနေပြီလား? စသဖြင့် ဝေဖန်လာကြပြီ ဖြစ်ပါတယ်။