မန်ချက်စတာ ယူနိုက်တက် ခံစစ်မှူး ဗာရန်းက ခက်ခဲတဲ့ ဘောလုံးရာသီကို စတင်လာရပေမယ့် ဒီရာသီ ချန်ပီယံလိဂ်ဖလားကို အောင်မြင်မယ်လို့ ယုံကြည်နေပါတယ်။
ချန်ပီယံလိဂ် အုပ်စုအဆင့် ဒုတိယပွဲစဉ်အဖြစ် ဂါလာတာစရေး ပွဲကြိုမှာ ဗာရန်းကပဲ ယူနိုက်တက်မှာ အရည်အချင်းရှိ ကစားသမားတွေ ရှိနေပြီး ဒီပြိုင်ပွဲကို ခပ်ဝေးဝေးထိ ရောက်အောင် သွားနိုင်မယ်လို့ မြင်မိကြောင်း ထုတ်ဖော်ခဲ့ပါတယ်။
” ကျနော်ကတော့ အဲ့လိုပဲ ထင်ပါတယ်။ ကျနော်တို့ အသင်းမှာ အရည်အချင်းတွေ ရှိပါတယ်။ ချန်ပီယံလိဂ်က ခက်ခဲပါတယ်။ အသေးစိတ်က အစ ဂရုစိုက်ဖို့ လိုပါမယ်။ ဒါပေမယ့် ကျနော်တို့ အသင်းမှာ ခိုင်မာတဲ့ စိတ်ဓါတ်ကောင်းတွေ ရှိပါတယ်။
ကျနော်တို့ တိုးတက်လာရမှာတွေ ရှိတယ်၊ မျှော်လင့်ထားသလို ဘောလုံးရာသီအစမျိုး မရထားပါဘူး။ ကျနော်တို့ ဆက်ပြီး ယုံကြည်ရပါမယ်။ ကျနော်တို့ အသင်းက ကမ္ဘာ့အကောင်းဆုံး အသင်းတွေကို ယှဉ်ပြိုင်နိုင်စွမ်း ရှိပါတယ် ” လို့ ဗာရန်းက ချန်ပီယံလိဂ် ပွဲကြိုမှာ ထုတ်ပြောပါတယ်။
ချန်ပီယံလိဂ်ဖလား ၄ ကြိမ် အောင်မြင်ဖူးတဲ့ ဗာရန်းကတော့ ယူနိုက်တက်ဟာ ဒီရာသီ ချန်ပီယံလိဂ်ဖလား အောင်မြင်နိုင်မယ့် အရည်အချင်းရှိတယ်လို့ ယုံကြည်နေပါတယ်။
” ချန်ပီယံလိဂ်က အသေးစိတ်ကျကျ ဘယ်လောက် ပြင်ဆင်နိုင်သလဲပါပဲ။ အဲ့တာကပဲ ဒီပြိုင်ပွဲကို အနိုင်ရဖို့ထိ ထိရောက်စေပါတယ်။ ကျနော်တို့ ပိုပြီး သက်ရောက်မှုရှိရှိ ကစားနိုင်ရမယ်၊ ပေးဂိုးတွေ ပိုနည်းအောင် လုပ်ပြီး ဂိုးသွင်းဖို့ အခွင့်အရေးတွေ ဖန်တီးဖို့ လိုပါတယ်။
အမြင့်ဆုံးအဆင့် ဆုဖလားတွေ အနိုင်ရဖို့ဆိုရင် ထိရောက်မှုရှိရှိ ကစားနိုင်ဖို့ လိုပါတယ်။ ကျနော်တို့မှာ ပြိုင်ပွဲတွေကို အနိုင်ရဖို့ လုံလောက်တဲ့ အရည်အချင်း ရှိပါတယ်။ ကျနော်တို့ ရှေ့ဆက်ရမှာဖြစ်ပြီး တိုးတက်လာရမှာပါ ” လို့ ၎င်းက ပြောဆိုခဲ့ပါတယ်။