မန်ချက်စတာ ယူနိုက်တက် နောက်ခံလူဟောင်းကြီး တစ်ဦးဖြစ်တဲ့ ဂယ်ရီနဗီးကတော့ ဒိုင်အဖွဲ့ PGMOL ကို ဖိအားပေး နေတဲ့ လီဗာပူးရဲ့ လုပ်ရပ်ကို ဆက်တိုက် ဝေဖန်နေခဲ့ပြီ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ဒီရာသီ ၇ ပွဲမှာ အနီကဒ် ၄ ကြိမ် ပြသခံခဲ့ရပြီး ခါးသီးတဲ့ ဆက်ဆံခံရခြင်းတွေကို စိတ်ကုန်နေခြင်း နဲ့အတူ အင်္ဂလန်ကလပ်တွေထဲမှာ ပရီးမီးယားလိဂ် အာဏာပိုင်တွေဖြင့် ထိပ်တိုက်တွေ့ဖို့ စတင် ကြိုးစားလာတဲ့ အသင်း ဖြစ်ပါတယ်။

ဘောလုံးပရိသတ်တွေ များစွာက ဒီဖိအားပေးမှုဟာ အပြောင်းအလဲ တစ်ခုကို ဦးတည်မယ်လို့ ယုံကြည်လို့ လီဗာပူး ဘက်က ရပ်တည်လာနေကြတယ်။ ဒါပေမယ့်လို့ လူတိုင်းကတော့ လီဗာပူးဘက်က ရှိမနေသလို ဂယ်ရီနဗီးလို ပရီးမီးယား လိဂ်ရဲ့ လူသိများ သုံးသပ်သူ တစ်ဦးကဆိုရင် ပေါ်ပေါ်ထင်ထင် ဝေဖန်လာခဲ့တာပါ။

ဂယ်ရီနဗီးက သူ့ရဲ့ တွစ်တာအကောင့်ကနေ ထင်မြင်ချက် ပေးရာမှာ “ VAR ရဲ့ အမှားက အရမ်း ဆိုးပါတယ်။ ဒါပေမယ့် ကျနော်တို့ အားလုံးကလည်း VAR မြန်မြန် ဆုံးဖြတ်ပေးဖို့ တောင်းဆိုခဲ့ကြတာပါ၊

သူတို့ကလည်း ပွဲအရှိန်အပေါ် သက်ရောက်မှု မရှိဖို့ ကြိုးစားနေကြတာလို့ မြင်ပါတယ်။ ခပ်မြန်မြန်လေး ဆုံးဖြတ်ခြင်းကပဲ မှားယွင်းမှုတွေ ဖြစ်စေပြီး အခုလို ဟန်ချက်မညီတာတွေ ဖြစ်လာရတာပါပဲ။

ဒိုင်လူကြီး ၂ ဦးလုံး သူတို့ရဲ့ လာမယ့် ပွဲတွေကနေ အနားယူရပြီးပါပြီ။ သူတို့လည်း လူသားတွေပဲမို့ အတော်လေး ခံစားနေရမှာပါ။ သူတို့ အမှားအတွက် အကျိုးဆက် ရှိသင့်ပေမယ့် ၂ ပွဲလောက် ပွဲပယ်တာနဲ့တင် တော်ပြီလေ၊ လုံလောက်ပြီပေါ့။

တောင်းပန်တယ်ဆိုတာ ဘာမှ ထူးမသွားပါဘူးလို့ ထင်ကြမယ်၊ ဒါပေမယ့် တကယ်က ထူးပါတယ်။ အမှားလုပ်ရင် တောင်းပန်ရမယ် ဆိုတာ ကျနော်တို့ မိဘတွေတိုင်း သားသမီး ရင်ထဲကို ထည့်ပေးခဲ့တဲ့ အဖိုးတန် လမ်းညွှန်းမှု တစ်ခုပါ။

ကိုယ့်ရဲ့ အမှားအတွက် တာဝန်ယူမှုရှိတာကပဲ အရေးကြီးပြီး ဒါကိုပဲ တန်ဖိုးထားပေးရမှာပါ ” လို့ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးအသင်းက ပရီးမီးယားလိဂ်နဲ့ ထိပ်တိုက်တွေ့ဖို့ ရွေးချယ်ခြင်းဟာ များစွာသော ဝေဖန်မှု၊ ဖိနှိပ်မှု တွေကိုလည်း နောက်ဆက်တွဲ ရင်ဆိုင်သွားရဖွယ် ရှိနေပါတယ်။