အာဆင်နယ် နည်းပြ အာတီတာက ပြိုင်ဘက် အသင်း ဆိုပေမယ့် ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၇ မှာ လီဗာပူး အသင်းရဲ့ ဒီယက်စ် သွင်းဂိုး VAR ဒိုင် အမှားကြောင့် ပယ်ဖျက်ခံခဲ့ရတဲ့ အပေါ် အလွန် စာနာ ကိုယ်ချင်းစာမိကြောင်း ထုတ်ဖော် ပြောဆိုသွားပါတယ်။

VAR နဲ့ စစ်ဆေးမှုတွေဟာ ရှိသင့်တဲ့ လယ်ဗယ် အဆင့်အတန်းမှာ ရှိမနေသေးဘူးလို့လည်း အာတီတာက ယုံကြည်နေပါတယ်။

လီဗာပူးအသင်းဟာ ထိုနေ့ကပွဲမှာ ၂ ယောက် ထုတ်ခံရသည့်တိုင် အိမ်ရှင် စပါးကို အတော် ယှဉ် ကစားနိုင်ခဲ့ပြီး နောက်ဆုံးမိနစ်ကျမှ မာတစ် own goal နဲ့ အရေးနိမ့်ခဲ့ရတာပါ။ တကယ်လို့သာ ဒီယက်စ် သွင်းဂိုးကို ရခဲ့မယ် ဆိုရင် ပွဲအဖြေက ပြောင်းလဲသွားနိုင်ခဲ့ပါတယ်။

လီဗာပူးအသင်းရဲ့ နစ်နာခဲ့ရမှု အပေါ် စာနာနိုင်သလား အမေးကို အာတီတာက ” သေချာတာပေါ့။ ကျွန်တော် ကိုယ်ချင်းစာလို့ ရပါတယ်။ အရမ်းလည်း စာနာ နားလည်မိတယ်။ အဆုံးမှာ ကိုယ်နဲ့ ထိုက်တန်တဲ့ ရလဒ် မရတာ ဘယ်လို ခံစားရသလဲ ဆိုတာကိုလေ။

ကိုယ် လုပ်နိုင်တဲ့ ကိစ္စတွေ အပြင် ပြင်ပက ထိန်းချုပ်မရနိုင်တဲ့ ကိစ္စတွေကနေ အမှားတွေ နည်းနိုင်သမျှ နည်းဖို့ အလိုရှိကြတာပဲလေ။

လူတိုင်းကတော့ တကယ်ကို သေသပ် ရှင်းလင်းတဲ့ ပွဲ တစ်ပွဲကို ရိုးရိုးသားသား ကစားချင်ကြတာပဲ။ အဆုံးမှာ ကိုယ် ရထားတဲ့ အခြေအနေတွေထဲကနေ နိုင်ဖို့ အခွင့်အရေးကို ကြိုးစားရတာပဲ။ ဒါက ဖြစ်မလာဘူး ဆို အလွန်အမင်းကို စိတ်ပျက် အမျက်ထွက်စရာပါ။ ” လို့ အာတီတာက ဆိုပါတယ်။

” ဒါက တာဝန်ရှိသူတွေ အတွက်လည်း မလွယ်ဘူး။ ကလပ်အသင်းတွေ၊ နည်းပြတွေ အတွက်လည်း လွယ်ကူတဲ့ ကိစ္စ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အမှားတချက်က ပွဲတစ်ပွဲ ရဲ့ ရလဒ်၊ ဒါမှ မဟုတ် ဘောလုံးရာသီ အတွက်ပါ သက်ရောက်မှုကြီး ဖြစ်သွားနိုင်တယ်လေ။

ဒီကိစ္စတွေက သိပ် အန္တရာယ် ကြီးပါတယ်။ ” လို့ အာတီတာက လန်းစ်နဲ့ ချန်ပီယံလိဂ် ပွဲကြိုမှာ ပြောဆိုခဲ့ပါတယ်။

ပွဲကြို ရှင်းလင်းပွဲဟာ ရာသီဥတု ဆိုးဝါးတာကြောင့် မလုပ်နိုင်ခဲ့ဘဲ အာတီတာက သတင်းသမားတွေရဲ့ အမေးကို ဖုန်းနဲ့ ဖြေကြားခဲ့ရတယ် လို့လည်း သိရပါတယ်။