ပရီးမီးယားလိဂ်ဟာ အခုမှ စတင်နေတာဖြစ်ကာ ပရီးမီးယားလိဂ်ဖလားကို ဘယ်အသင်းတွေ စိန်ခေါ်မယ်ဆိုပြီး ပြောဖို့ရာ စောနေသေးတယ်လို့ မန်စီးတီး နည်းပြ ပက် ဂွာဒီယိုလာက ယူဆထားပါတယ်။

ဒါပေမယ့် အာဆင်နယ်က ကစားကွက်ကောင်း စိတ်ဓာတ်ကောင်းတွေ နဲ့ အသင်းကောင်း ဖြစ်တယ် လို့ ၎င်းက ဒီ ဆန်းဒေး ပွဲမတိုင်ခင် ပွဲကြိုမှာ အမွှန်းတင် ချီးကျူးခဲ့ပါတယ်။

‘ ပရီးမီးယားလိဂ်မှာက ပထမ ၁၀ ပွဲလောက်နဲ့ ဆုဖလား စိန်ခေါ်နိုင်မယ့် အသင်းတွေကို ခွဲထုတ်လို့ မရပါဘူး။ ကျနော်တို့ ထိပ်တိုက်လည်း မပြိုင်ရသေးဘူး၊ စောင့်ကြည့်ရပါမယ်။ ဒါပေမယ့် အသင်းကြီးတိုင်းက စိန်ခေါ်သူတွေပါပဲ။

အာဆင်နယ်က အသင်းကောင်းပါ၊ တိုးတက်မှုတွေလည်းရှိတယ်။ သူတို့က တိုက်ခိုက်လိုစိတ် ပြင်းထန်တယ်။ သူတို့အသင်းမှာ ရှင်းလင်းတဲ့ ကစားကွက်တွေ ရှိထားပြီး အသင်းကောင်းတစ်သင်း ဖြစ်ပါတယ်။ မနှစ်ကရာသီ ပရီးမီးယားလိဂ် ဖလား စိန်ခေါ်ခဲ့သလို ဒီရာသီမှာလည်း စိန်ခေါ်လာမှာပါ။

အာဆင်နယ်အသင်း ပြန်လာပါပြီ။ ကျနော် ငယ်ငယ်လေးတုန်းက ဘာစီလိုနာမှာ ရှိနေစဉ် အာဆင်နယ်က အမြဲတမ်း ဆုဖလားတွေကို စိန်ခေါ်ခဲ့တာပါ။ အခုတော့ သူတို့ ပြန်လာပါပြီ။ အမ်းမရိတ်ဟာ အမြဲတမ်း ခက်ခဲတဲ့ ကွင်းတစ်ကွင်းပါ ’ လို့ ဂွာဒီယိုလာက ဆိုခဲ့ပါတယ်။

မန်စီးတီးနည်းပြ ဂွာဒီယိုလာက ဒီရာသီ ပရီးမီးယားလိဂ်မှာ သူတို့ရဲ့ အဓိက ပြိုင်ဘက်တွေက အာဆင်နယ်နဲ့ လီဗာပူး အသင်းတို့ ဖြစ်လာမယ်လို့ ယုံကြည်နေပါတယ်။

ဒီအပတ် အမ်းမရိတ် သွားရမယ့် ပွဲမတိုင်ခင် ပွဲကြို ရှင်းလင်းပွဲမှာ အာဆင်နယ်က အဓိကကျတဲ့ ပြိုင်ဘက် ဖြစ်လာမလား မေးခွန်းကို ဂွာဒီယိုလာက ‘ သိပ်သေချာတာပေါ့။ လီဗာပူးနည်းတူ ပြိုင်ဘက်အသင်းအဖြစ် ကျနော်တို့ မြင်ထားပါတယ် ’ လို့ ပြန်ဖြေကြားခဲ့ပါတယ်။