မန်ချက်စတာ စီးတီးအသင်းရဲ့ နည်းပြဖြစ်သူ ပက်ပ် ဂွာဒီယိုလာက သူရဲ့တပည့်ဟောင်းဖြစ်တဲ့ မီခယ်လ် အာတီတာရဲ့ အရည်အချင်းတစ်ခုတွေ အကြောင်းကို ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။
ဂွာဒီယိုလာ နဲ့ အာတီတာတို့ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် အဓိက ယှဉ်ပြိုင်သူတွေ ဖြစ်ခဲ့ရပြီး ဒီရာသီမှာလည်း ဆက်လက် ယှဉ်ပြိုင်ကြဦးမယ့် အနေအထားမှာ ရှိနေခဲ့ပြန်ပါတယ်။
ဒီနေ့ညမှာ ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ရင်ဆိုင်ကြရတော့မှာဖြစ်ပြီး ဂွာဒီယိုလာက အာတီတာရဲ့ အရည်အသွေးတွေ အကြောင်းကို ထုတ်ဖော် ပြောဆိုလာခဲ့ပါတယ်။
“အာတီတာက အသင်းရဲ့ ဘုတ်အဖွဲ့ကို အရမ်း တောင်းဆိုတက်တဲ့သူပါ။ သူက ဘယ်လိုမျိုးလဲဆိုတော့ ငါ့ကို ပိုက်ဆံပေး ၊ အသင်းအတွက် သုံးစွဲဖို့ ပိုက်ဆံပေးလို့ တောင်းဆိုနိုင်ရဲတဲ့သူ။ သူ့မှာ ဒီအရည်အချင်းတွေလည်း ရှိနေတယ်။
တစ်ခါတစ်လေကျရင် ကလပ်ဘက်က ဘာပဲဆုံးဖြတ်ပါစေ သူက ကလပ်အသင်းက လူတိုင်းကို တွန်းအားပေးနေတက်ပါသေးတယ်။” လို့ ဂွာဒီယိုလာက ပြောဆိုသွားခဲ့ပါတယ်။
လက်ရှိမှာတော့ အာတီတာရဲ့ အာဆင်နယ်အသင်းက မြို့ခံ စပါးအသင်းနဲ့အတူ ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ ရှုံးပွဲမရှိသေးတဲ့ အသင်းတွေအဖြစ် ရပ်တည်လျက် ရှိနေပါတယ်။