ပရီးမီးယားလိဂ် ဒိုင်ချုပ်ဖြစ်တဲ့ ဟောင်းဝပ်ကတော့ စပါးနဲ့ လီဗာပူးပွဲမှာ ဒီယက်ဇ်ရဲ့ သွင်းဂိုးကို မပေးခဲ့တာ မှားမှန်း သိခဲ့ပေမယ့် အမှန် ပြန်မပြင်ခဲ့တာ အကြောင်းရှိတယ်လို့ အခုမှ ထုတ်ဖော် ပြောဆိုလာခဲ့ပါတယ်။
ပရီးမီးယားလိဂ် ပွဲစဉ်တွေအတွင်း အရှက်ရစရာ အခိုက်အတန့်ဖြစ်ခဲ့ပေမယ့် အဲ့ကိစ္စကို စက္ကန့် အနည်းငယ် အကြာမှာပဲ သိခဲ့တာမို့ အမှန်ပြင်ခွင့်ရှိခဲ့ပါတယ်။ ဒါပေမယ့်လို့ VAR ဒိုင်ဘက်က သူတို့ ဘာမှ လုပ်လို့ မရတော့ဘူးဆိုပြီး ပွဲကို ဆက်ကစားစေခဲ့တာပါ။
ဒီအပတ် မိုက်ကယ်အိုဝင်နဲ့ လ တစ်လရဲ့ ပွဲစဉ်တွေအတွက် သုံးသပ်မှုမှာပဲ ဒီယက်ဇ်ဂိုးကို အမှန်ပြင်ဆင်ဖို့ မလုပ်ခဲ့ခြင်းနဲ့ ပတ်သက်ပြီး မေးခံခဲ့ရတယ်။
ဟောင်းဝပ်က ဂိုးမပေးခဲ့တာ မှားသော်လည်း အမှန်ပြန်မပြင်ဖို့ ဆုံးဖြတ်ခဲ့တာကတော့ မှန်ကန်တဲ့ လုပ်ရပ်လို့ အခုလို ပြောခဲ့ပါတယ်။
‘ လူတွေ ဒီမေးခွန်းမျိုး မေးနေကြတာ ကျနော် နားလည်ပါတယ်။ တကယ်တမ်းမှာတော့ VAR ဒိုင် နှစ်ဦးက ဖြစ်ခဲ့တဲ့ ကိစ္စအပြီး စက္ကန့် ၂၀ အကြာမှာ အခြေအနေက မှားယွင်းနေခဲ့ပြီဆိုတာကို သိခဲ့ပါတယ်။
အဲ့အခြေအနေမှာ ပွဲကို ရပ်လိုက်ပြီး အခြေအနေကို အမှန် ပြန်ပြင်ဖို့ စဉ်းစားခဲ့ပေမယ့် ဖီဖားနဲ့ နိုင်ငံတကာဒိုင်အဖွဲ့ရဲ့ ကစားပွဲ စည်းမျဉ်းတွေအရ အဲ့လိုလုပ်ဖို့ အခွင့်မသာတော့ပါဘူး။
တစ်ကမ္ဘာလုံးမှာ ပွဲတွေအတွင်း VAR အသုံးပြုဖို့နဲ့ ပတ်သက်ပြီး တူညီတဲ့ လုပ်ငန်းစဉ် ရှိပါတယ်။ အဲ့သတ်မှတ်ချက်ကပဲ အခြေအနေတွေကို နောက်ပြန်ဆုတ်ခွင့် မပေးပါဘူး။ အဲ့တာကြောင့်ပဲ VAR ဒိုင်တွေက ဆုံးဖြတ်ချက်ကို ပြန် မပြင်တော့တာပါ ’ လို့ ဆိုသွားခဲ့တာ ဖြစ်ပါတယ်။
ဝပ်ရဲ့ ဖြေရှင်းချက်ဟာ အတော်လေး အငြင်းပွားစရာရှိပြီး ဘရိုက်တန်နဲ့ မန်ယူနိုက်တက် ပွဲစဉ် တစ်ခုမှ ပွဲပြီး ခရာမှုတ်ပြီးမှ ပင်နယ်တီ ပြန်ကန်စေတဲ့ ဆုံးဖြတ်ချက်ကကော ဖီဖာရဲ့ ကစားပွဲ စည်းမျဉ်းနဲ့ မညိစွန်းဘူးလားလို့ တုန့်ပြန်မှုတွေ ထွက်ပေါ်နေခဲ့ပါတယ်။