မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ အဲရစ်ဆင်က သူတို့အသင်း ဒီရာသီမှာ ပေးဂိုးတွေ များစွာ ပေးထားရတာကို နားလည်ထားပါတယ်လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ဒီရာသီ ခံစစ်ပိုင်း အခြေအနေ ဆိုးရွားနေပြီး ချန်ပီယံလိဂ်ပြိုင်ပွဲ ၁ခုထဲမှာတင် ၂ပွဲ ကစားထားရာ ပေးဂိုး ၇ဂိုး အထိ ရှိခဲ့သလို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာလည်း ၈ပွဲ ကစားထားရာ ပေးဂိုး ၁၂ဂိုး အထိ ရှိနေပါတယ်။

ပရိသတ်တွေက ဂိုးသမား အိုနာနာရဲ့ စွမ်းဆောင်ရည် ညံ့ဖျင်းခြင်းအပေါ် ထောက်ပြနေပေမယ့် အဲရစ်ဆင်ကတော့ ဒီရာသီမှာ ပေးဂိုးတွေ အများကြီး ခွင့်ပြုပေးထားရတာဟာ အသင်းရဲ့ ခံစစ်မှူးတွေဟာ ကံမကောင်းစွာနဲ့ ဒဏ်ရာတွေ ရနေတာကြောင့်လို့ ဆိုလာပါတယ်။

အဲရစ်ဆင်က – “ကျွန်တော်တို့ရဲ့ ခံစစ်ကြောင်းမှာ ဒဏ်ရာရ ကစားသမားတွေ အများကြီး ရှိနေပါတယ်။ ဒီအချက်ကြောင့်ပဲ ကျွန်တော်တို့ရဲ့ ပေးဂိုးတွေက များနေတာပါ” လို့ ပြောကြားသွားခဲ့တာပါ။

ဒီရာသီမှာ လုခ်ရှော ၊ မာလာစီယာ ၊ ဘစ္စကာ စတဲ့ ကစားသမား​တွေကို ကာလရှည် လက်လွှတ်ထားရသလို မာတီနက်ဇ်နဲ့ ရယ်ဂီလွန်တို့ကလည်း မကြာသေးမီကမှ ဒဏ်ရာတွေ အသီးသီး ထပ်ရခဲ့တာပါ။

ခံစစ်သမားတွေ ဒဏ်ရာရနေချိန် ပေးဂိုး များပြားနေသလို တဖက်မှာလည်း တိုက်စစ်ပိုင်းက သွင်းဂိုးတွေ သွင်းယူနိုင်ဖို့ ရုန်းကန်နေရတာကြောင့် မန်ချက်စတာ ယူနိုက်တက်က အလွယ်တကူ ရှုံးပွဲတွေ ကြုံလာခဲ့ရတယ်။