နိုင်ငံပွဲတွေ အပြီး လာမယ့် စနေနေ့ စတန်းဖို့ဘရစ်ချ် ကွင်းမှာ ချယ်ဆီးနဲ့ အာဆင်နယ် အသင်းတို့ ရင်ဆိုင် ကစားဖို့ ရှိနေပါတယ်။

လန်ဒန်မြို့ခံ နှစ်သင်းဟာ အခုချိန်မှာ အနေအထားတွေ ကွာခြားနေသည့်တိုင် အိမ်ရှင်အသင်း ဂိုးပြတ် အနိုင်ရ သွားနိုင်တယ် လို့ ချယ်ဆီး နောက်ခံလူဟောင်းကြီး မာဆယ် ဒက်စီလီက အံ့အားသင့်ဖွယ် ခန့်မှန်းစကား ဆိုသွားပါတယ်။

လက်ရှိ အမှတ်ပေးဇယားမှာ အာဆင်နယ်က စပါးနဲ့ အမှတ်တူ ပူးတွဲဦးဆောင်ကာ ဂိုးကွာခြားချက် အရ အဆင့် ၂ မှာ ရှိနေပြီး ချယ်ဆီးကတော့ အဆင့် ၁၁ မှာ ရှိနေပါတယ်။

ဒက်စီလီကတော့ အာတီတာရဲ့ အသင်းဟာ ချယ်ဆီးအသင်းကို အထင်သေးလျှော့တွက်ပြီး စတန်းဖို့ဘရစ်ချ် ရောက်လာမှာ ဖြစ်တာကြောင့် ချယ်ဆီး အနေနဲ့ ဒီပွဲကနေ အလှည့်အပြောင်း ဖြစ်အောင် လုပ်သွားနိုင်တယ် လို့ မျှော်လင့်ထားပါတယ်။

” ကြည့်လိုက်ရင်တော့ မဖြစ်နိုင်ဘူး ထင်ကြမှာပဲ။ ဒါပေမယ့် ကျွန်တော်ကတော့ ချယ်ဆီး ၃-၁ နဲ့ နိုင်မယ်လို့ ခန့်မှန်းချင်တယ်။ ဘာလို့ မဖြစ်နိုင်ရမှာလဲ ဟုတ်တယ်မလား။ ဒါက ပရီးမီးယားလိဂ်ရဲ့ ဆွဲဆောင်မှုပဲလေ။

အသင်း တစ်သင်းက စိတ်ဓာတ်ပိုင်း နည်းနည်း ထိခိုက်ပြီး ပွဲအတွက် မာမာထန်ထန် ကစားဖို့ အသင့် ရှိမနေဘူး ဆိုရင် အာဆင်နယ် ဆိုလည်း ရှုံးနိုင်ပါတယ်။

အာဆင်နယ် ကစားသမားတွေ ချယ်ဆီးကို ရောက်လာရင် ဒီပွဲက တော့တင်ဟမ်နဲ့ ပွဲလောက်၊ စီးတီး၊ မန်ယူနိုက်တက် တို့လောက်တောင် ခက်မှာ မဟုတ်ဘူး တွေးလာကြမှာပါ။

အဲဒီကွင်းတွေက ကစားသမားတွေကို တိုက်ပွဲဝင်ဖို့ အသင့် ဖြစ်နေစေပါတယ်။ ချယ်ဆီးဆီ လာကြရင်တော့ အသင်းတွေက သူတို့ နိုင်နိုင်ပါတယ်တွေးလာကြတာ၊ တကယ်က ဒီအသင်းမှာ သိပ်ကို ထူးချွန်တဲ့ ကစားသမားတွေ ရှိပါတယ်။

ဒီပွဲကို နိုင်လိုက်ရင် ၃ မှတ်ထက် ပိုပါတယ်။ ဒါဆိုရင် ချယ်ဆီးက ရုပ်ပိုင်းဆိုင်ရာ အရကော နည်းစနစ်၊ ဗျူဟာ အရပါ အာဆင်နယ်ထက် သာတယ် ဆိုတာ ပြသနိုင်မယ်။ ဒါက ကစားသမားတွေကို ယုံကြည်မှု တက်သွားစေမယ်။ ပိုချက်တီနိုလည်း ဒီကနေ အခြေတည်ပြီး တည်ဆောက်နိုင်မယ်။ ” လို ဒက်စီလီက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။