အာဆင်နယ်နဲ့ ချယ်ဆီး ကွင်းလယ်တိုက်စစ် ကစားသမားဟောင်း ဖာဘရီဂတ်စ်ကတော့ လက်ရှိ ပရီးမီးယားလိဂ်မှာ ဘောလုံး ကစားဟန် ကောင်းလွန်းလို့ စောင့်ကြည့်ရမယ့် အသင်းတွေ အဖြစ် အာဆင်နယ်၊ မန်စီးတီးနဲ့ ဘရိုက်တန် တို့ကို ရွေးချယ်ခဲ့ပါတယ်။

အာဆင်နယ်မှာ နည်းပြ အာတီတာက သူ့ ကစားသမားတွေကို ယုံကြည်ပုံအပ်ထားရတာက သိပ်လှပတဲ့ ဗျူဟာ တစ်ခု ဖြစ်ကြောင်း မြောက်လန်ဒန်ကလပ်ရဲ့ ကစားကွက် အကြောင်း သုံးသပ် ပြောဆိုလာပါတယ်။

” အာဆင်နယ် သုံးနေတာက ၃-၁-၃-၃ ကစားကွက်ပါ။ ဒီတော့ ဘောလုံးရဲ့ ရှေ့မှာ ကစားသမား ၆ ယောက်တောင် ရှိနေတယ်။ ဒါက ကစားသမားတွေ အပေါ် နည်းပြ က ပိုပြီး မြန်မြန် သွက်သွက် ကစားကြဖို့၊ ဘောလုံး ပြန်ယူကြဖို့ ယုံကြည် ပုံအပ်ထားရတာ ဖြစ်တယ်။

အဲဒီလိုကျမှပဲ တိုက်စစ်ဆန်တဲ့ ဘောလုံး ကစားဟန်ကို ရတာပါ။ ဒါကို ဆာလီဘာ ကစားနိုင်ချိန်နဲ့ သူ ဒဏ်ရာ ရလို့ မပါနိုင်တဲ့ အချိန်တွေမှာ ကွဲပြားတာ မြင်ရပါလိမ့်မယ်။

သူတို့ ကစားဟန်က တမူထူးခြားတယ်လို့ မီခေးလ် (အာတီတာ) က ပြောပါလိမ့်မယ်။ ” လို့ ဖာဘရီဂတ်စ်က ဆိုခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်က ပြီးခဲ့တဲ့ရာသီကနဲ့ ယှဉ်ရင် ဒီရာသီ သွင်းဂိုး အနည်းငယ် ပိုနည်းနေဟန် ရှိပါတယ်။ ပရီးမီးယားလိဂ် ၈ ပွဲ ကစားပြီးချိန် ဒီရာသီမှာ ၁၆ ဂိုး သွင်းထားပေမယ့် အရင်နှစ်ကတော့ ဂိုး ၂ဝ သွင်းထားခဲ့တာပါ။