ပြီးခဲ့တဲ့ရက်က စတန်းဖို့ဘရစ်ချ်က လန်ဒန်ဒါဘီ ပွဲမှာ ချယ်ဆီးနဲ့ အာဆင်နယ် အသင်း တို့ဟာ၂-၂ ရလဒ်ဖြင့် သရေ ကျသွားခဲ့ပါတယ်။ အိမ်ရှင်အသင်းဟာ ၂ဂိုးပြတ်နဲ့ အရင် ဦးဆောင်ပြီး အနိုင်ရဖို့ နီးစပ်ခဲ့သေးတာပါ။

ထိုပွဲအပြီးမှာ ချယ်ဆီးနည်းပြ ပိုချက်တီနိုက အာဆင်နယ်နဲ့ လန်ဒန်ဒါဘီပွဲမှာ ကစားသမား ၂ ယောက်ကို သူ ထုတ် မသုံးရင် အသင်းပိုင်ရှင်က လာ သတ်လိမ့်မယ်လို့ ဟာသလုပ် ဖြေဆိုမှု တစ်ခု ပြုလုပ်ခဲ့ပါတယ်။

ချယ်ဆီးမှာ အဓိက ကစားသမားတွေ ဒဏ်ရာ ရတာ ရှိနေပေမယ့် ပိုချက်တီနိုက အင်အား တောင့်တင်းတဲ့ လူစာရင်း ပွဲထုတ်ခဲ့ပါတယ်။ ထိုပွဲမှာ ကွင်းလယ်က ပေါင် ၂၂၂ သန်း တန် ကိုင်စီဒိုနဲ့ အန်ဇို ဖာနန်ဒက်စ် ကွင်းလယ် အတွဲ ကို ပွဲထုတ်ခဲ့တာပါ။

နှစ်ယောက်လုံး က မိနစ် ၉ဝ ပြည့် ဝင် ကစားခဲ့ကြပေမယ့် ပွဲပြီးခါနီး မိနစ်တွေမှာ ခြေကုန်လက်ပန်း ကျလာခဲ့တာ တွေ့ရပါတယ်။ ဒီနှစ်ယောက်လုံးက ဗုဒ္ဓဟူးနေ့ကမှ နိုင်ငံအသင်းတွေနဲ့ အတူ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေ ယှဉ်ပြိုင် ကစားခဲ့သေးတာပါ။

ချယ်ဆီးနည်းပြ ပိုချက်တီနိုက ကိုင်စီဒို – အန်ဇိုကွင်းလယ် အတွဲကို ပွဲထုတ်ခဲ့တာနဲ့ ပတ်သတ်ပြီး ခုလို ပြောဆိုလာခဲ့တာပါ။

” ကစားသမားတွေ အတွက်တော့ ဗုဒ္ဓဟူးနေ့ကမှ တောင် အမေရိကနေ ပြန်လာပြီး စနေနေ့မှာ ပွဲ ပြန် ကစားရတာ ရူးလောက်စရာပါပဲ။

ဒါပေမယ့် ကျွန်တော်က အိုကေ၊ မင်းတို့ကို အနားပေးမယ်လို့ လုပ်ကြည့်ပါလား။ ခင်ဗျားတို့ မီဒီယာတွေက ကျွန်တော့်ကို ဝိုင်းဗြင်းကြလိမ့်မယ်။ အသင်းပိုင်ရှင်ကလည်း လာသတ်လိမ့်မယ်။

ဒီနေ့ဆို ကိုင်စီဒိုနဲ့ အန်ဇိုက အမေရိကမှာ ၂ ပွဲ ကစားပြီး ပြန်လာတယ်။ သူတို့ လန်းမနေဘူး။ ဒါပေမယ့် သူတို့က ကျွန်တော်တို့အတွက် အရေးကြီး ကစားသမားတွေ ဖြစ်နေပြန်တယ်။ ဒီလို ပြန်လာပြီး ကစားရတာ တကယ်ကို ခက်ခဲပါတယ်။

အခု သူတို့ ပြန်ပြီး recover ဖြစ်ဖို့ မျှော်လင့်ပါတယ်။ နောက် တစ်ပတ်လောက် အသင်းနဲ့ အတူ ပြန်လေ့ကျင့်ပြီးရင် အကောင်းဆုံး ပုံစံ ပြန်ရလာမှာပါ။ ” လို့ ပိုချက်တီနိုက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

လန်ဒန်ဒါဘီ သရေပွဲ ပြီးတဲ့နောက် ချယ်ဆီးအသင်းက အမှတ်ပေးဇယား အဆင့် ၁ဝ ရောက်လာခဲ့ပြီး အဆင့် ၁ နေရာမှ မန်စီးတီးနဲ့ ၉ မှတ် ကွာစနေပါတယ်။