ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ညက ပရီးမီးယားလိဂ် ပွဲမှာ အက်စတွန်ဗီလာဟာ ဝက်စ်ဟမ်းအသင်းကို ၄-၁ ဖြင့် အနိုင် ရခဲ့တဲ့နောက် မနှစ်ကရာသီ နယူးကာဆယ် လုပ်ပြခဲ့သလို ဗီလာကလည်း ထိပ်ဆုံး ၄ သင်းနေရာ စိန်ခေါ်လာတော့မယ်လို့ ပရီးမီးယားလိဂ် ခံစစ်မှူးဟောင်း ကာရေဂါက သုံးသပ် ပြောဆိုခဲ့ပါတယ်။

အက်စတွန်ဗီလာဟာ အိမ်ကွင်း ၁၁ ပွဲဆက်တိုက် အနိုင်နဲ့အတူ အမှတ်ပေးဇယား အဆင့် ၅ နေရာကို တက်ရောက်လာခဲ့ပါပြီ။ သူတို့ဟာ ဇယားထိပ်က မန်စီးတီးနဲ့ ၂ မှတ်ပဲ ကွာဟနေတာပါ။

အက်စတွန် ဗီလာဟာ ဒီရာသီမှာ ချယ်ဆီး၊ မန်ယူနိုက်တက်ကို ကျော်ပြီး ချန်ပီယံလိဂ်ဝင်ခွင့် တစ်နေရာ ရယူသွားနိုင်မယ်လို့ မှန်းဆမှုတွေ ရှိနေတယ်။

ကာရေဂါကလည်း ဗီလာအသင်းဟာ ထူးထူးခြားခြားတွေ လုပ်ပြနိုင်ကြောင်း အခုလို ထင်မြင်ချက် ပေးခဲ့ပါတယ်။

‘ တခါတလေ ခံစစ်သိပ်ကစားတဲ့ အသင်းတွေက တိုက်စစ်မှာ ဂိုးရဖို့ ရုန်းကန်ရတယ်။ ဂိုးသိပ်သွင်းတဲ့ ကလပ်တွေကျတော့လည်း ခံစစ်မကောင်းတတ်ဘူး။ ထိပ်တန်းအသင်းတွေကတော့ နှစ်ခုလုံးကို ပိုင်နိုင် ကြပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေအတွင်း မန်စီးတီးနဲ့ လီဗာပူးတို့ လုပ်ပြနိုင်ခဲ့တယ်။ အခု အက်စတွန်ဗီလာကလည်း သိပ်ကောင်းပါတယ်။ မနှစ်ကဆိုရင် နယူးကာဆယ်ဟာ ချန်ပီယံလိဂ် ဝင်ခွင့်ကို ရယူနိုင်ခဲ့တယ်။

အက်စတွန်ဗီလာအတွက် ချန်ပီယံလိဂ် ဝင်ခွင့်က ခက်ခဲပါတယ်။ ပြဿနာတစ်ခုက မနှစ်က နယူးကာဆယ်ဟာ ဥရောပပွဲ မရှိခဲ့ပေမယ့် ဒီရာသီ အက်စတွန်ဗီလာက ဥရောပပွဲတွေကိုလည်း ကစားနေရတာပါ။

ဗီလာတို့ ယူရိုပါ ကွန်းဖရန့်လိဂ်မှာလည်း ခပ်ဝေးဝေး သွားနိုင်ပါလိမ့်မယ်။ ကြားရက်နဲ့ တနင်္ဂနွေပွဲတွေ အများကြီး ကစားရမှာပါ။ အဲ့တာတစ်ခုပဲ သူတို့ရဲ့ ထိပ်ဆုံး ၄ သင်း ဝင်ခွင့်အတွက် ပြဿနာ ဖြစ်ပါတယ် ’ လို့ သုံးသပ် မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။