အက်စတွန်ဗီလာ တိုက်စစ်မှုးဟောင်းကြီး အဘွန်လဟောကတော့ ဒီရာသီ ပရီးမီးယားလိဂ်မှာ အဆိုးဝါးဆုံး ဖြစ်ခဲ့တဲ့ ကစားသမား ခေါ်ယူမှုတွေအကြောင်း သုံးသပ်ခဲ့ပြီး အသင်းသစ်မှာ ခြေစွမ်းမပြနိုင်ဘဲ အဆိုးဆုံး ဖြစ်နေတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းသား ကိုလည်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

” ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ အဆိုးဝါးဆုံး ခေါ်ယူမှုဆို အင်ဒရီ အိုနာနာက ပါမှာပဲ။ သူ အသင်းမှာ စတင်ခဲ့ပုံကြောင့်ကို ထည့်ရမှာပါ။ မေဆန်မောင့်လည်း ဒီစာရင်းမှာ ပါမယ်။ သူ အခုထိ ဘာမှကို လုပ်မပြနိုင်သေးဘူး၊ ဟုတ်တယ်လား ?

ဒါပေမယ့် အဆိုးဝါးဆုံး ခေါ်ယူမှုကိုပဲ ရွေးဆို ကျွန်တော် အိုနာနာ ကို ရွေးမှာပါ။ သူက အတော်ကြီးကို ညံ့ဖျင်းနေခဲ့တာပါ။ ကျွန်တော့ အမြင်တော့ သူက ဘောလုံးလက်ခံယူတာက အစ သိပ်ပြီး လျော့ရဲလွန်းတယ်။ မသိရင် သူ့ သူငယ်ချင်းတွေနဲ့ ကစားနေတာ ကျနေတာပဲ။

ဒီလောက် လျော့တိလျော့ရဲ ကစားပြီး ဘောလုံးတွေ ဟိုပေး ဒီပေး လုပ်ချင်လွန်းတယ် ဆိုရင်လည်း အနည်းဆုံးတော့ ဂိုးဖမ်းတာ ထိပ်တန်း ဖြစ်ရမယ်လေ။

သူ မကာကွယ်နိုင်တဲ့ ဂိုးသွားတဲ့ တချို့က ကာကွယ်နိုင်ခဲ့သင့်တဲ့ အလုံးတွေ ပါပါတယ်။ ဘရန့်ဖို့နဲ့ ပွဲကိုပဲ ပြန်ကြည့်ဦး။ သူ ဖမ်းရမယ့် အလုံး။ ဘိုင်ယန်နဲ့ ပွဲက ဆာနေး ဂိုးဆိုလည်း အဲဒီလိုပဲ။

ဒီတော့ လက်ရှိ အချိန်ထိတော့ သူက ဒီရာသီအတွက် ဂျင်း အဖြစ်ဆုံး ကစားသမားပဲ။ ” လို့ အဘွန်လဟောက အညှာအတာ မရှိ ဝေဖန်သုံးသပ်သွားခဲ့ပါတယ်။

အိုနာနာက ဒီနွေမှာ အင်တာမီလန်ကနေ ယူနိုက်တက်ထံ ပေါင် ၄၇ သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီး ဒီဂီယာ နေရာ အစားဝင်လာတာပါ။ ဒါပေမယ့် အခုထိ အခြေမကျနိုင်သေးဘဲ ဝေဖန်မှုတွေကြား ရုန်းကန်နေရပါတယ်။