အာဆင်နယ် နည်းပြ အာတီတာက အာဆင်နယ်အသင်းရဲ့ ခေါင်းဆောင် အဖွဲ့ကို ကြေညာလာခဲ့ရာမှာ ကလပ်ရဲ့ ကြယ်ပွင့် ကစားသမား လည်း ပါဝင်လာခဲ့ပါတယ်။

အာဆင်နယ်ကို အသင်းခေါင်းဆောင်အဖြစ် အိုဒီဂတ်က ဦးဆောင်နေပေမယ့် အဝတ်လဲခန်းထဲမှာတော့ တစ်ဦးထက် ပိုတဲ့ ခေါင်းဆောင်တွ ရှိနေတာပါ။ ပြီးခဲ့တဲ့ နှစ်တွေအတွင်း အာဆင်နယ် ခေါင်းဆောင်အဖွဲ့ဟာ ၃ ဦးနဲ့ ၃ ဦးအထက် ရှိနေခဲ့တာ ဖြစ်ပါတယ်။

မနှစ်ကရာသီမှာ အိုဒီဂတ်အပြင် ရှာခါနဲ့ ဂျေးဆုတို့ကလည်း ခေါင်းဆောင်အဖွဲ့ကို ဦးဆောင်ပေးနေခဲ့ပြီး ဟိုးဒင်းကလည်း အဆိုပါအဖွဲ့မှာ ပါဝင်ခဲ့ပါတယ်။

ဒီရာသီမှာ ရှာခါနဲ့ ဟိုးဒင်းတို့ မရှိတော့ခြင်းနဲ့အတူ ဂါဘရီရယ်နဲ့ အန်ကန်တီးယားတို့က အသင်းခေါင်းဆောင် တာဝန်တွေကို ရယူထားတာ ရှိပါတယ်။ စနေနေ့က ချယ်ဆီးပွဲမှာတော့ ဆာကာက အသင်းခေါင်းဆောင် လက်ပတ်ကို တာဝန် ယူရတာမျိုး ရှိလာခဲ့တာပါ။

ဒါကြောင့် နည်းပြ အာတီတာကပဲ ကလပ်ရဲ့ ဦးဆောင်သူတွေထဲမှာ ဆာကာလည်း ပါဝင်လာကြောင်း ဆီးဗီးလာနဲ့ ချန်ပီယံလိဂ်ပွဲကြိုမှာ အတည်ပြုပေးခဲ့ပါတယ်။

အသက် ၂၂ နှစ် အရွယ် တိုက်စစ်သမားဟာ အာဆင်နယ်မှာတင် မကဘဲ အင်္ဂလန်ရဲ့ အထွန်းတောက်ဆုံး ကြယ်ပွင့်အဖြစ် ထင်ရှားလာခဲ့ပြီး လက်ရွေးစင်မှာပါ အရေးကြီး ကစားသမားဖြစ်လာနေခဲ့ပြီ ဖြစ်ပါတယ်။