မန်ချက်စတာ ယူနိုက်တက်ဟာ ချန်ပီယံလိဂ် အုပ်စုပွဲ တတိယပွဲစဉ်အဖြစ် ဒိန်းမတ်ကလပ် ကိုပင်ဟေဂင်ကို အိုးထရက်ဖို့ဒ်ကွင်းမှာ ညက ၁-၀ ဖြင့် အနိုင်ရလိုက်တာကြောင့် ရှုံးထွက် တက်နိုင်ရေး မျှော်လင့်ချက်တွေ ပြန်လည် ရှင်သန်လာခဲ့ပါတယ်။
ပွဲချိန် မိနစ် ၇ဝ မှာ သွင်းခဲ့တဲ့ မက်ဂွဲရားရဲ့ သွင်းဂိုးဟာ မန်ချက်စတာ ယူနိုက်တက် အတွက် အိုးထရတ်ဖိုဒ့်မှာ ဒိန်းမတ်ကလပ်ကို အနိုင်ရဖို့ လုံလောက်စေခဲ့ပေမယ့် ပွဲချိန် ၉၀ +၄ မိနစ်မှာတော့ ပင်နယ်တီ ခွင့်ပြုခဲ့ရသေးတာပါ။
အဆိုပါ ပင်နယ်တီကို ဂိုးသမား အိုနာနာက ပိုင်ပိုင်နိုင်နိုင် ကာကွယ်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ယူနိုက်တက် ပရိသတ်တွေက အဆိုပါ ပင်နယ်တီမှာ ဂနာချိုရဲ့ ခပ်ညစ်ညစ် လုပ်ရပ်ကို သတိပြုမိခဲ့ကြပါတယ်။
နှစ်သင်း ကစားသမားတွေနဲ့ ဒိုင်လူကြီးတို့ ပင်နယ်တီကိစ္စ စကားပြောနေစဉ် သူက ပင်နယ်တီ ကန်မယ့် နေရာကို ခြေထောက်နဲ့ တူးဆွကာ မြက်ခင်း မညီအောင် ကြိုးစားထားခဲ့တာပါ။
ယူနိုက်တက် ပရိသတ်တွေကတော့ ‘ မလိမ်ဘူးကွာ၊ ဂနာချိုကို အတော်လေး အထင်ကြီးမိတယ်။ ‘ လို့ ချီးကျူးခဲ့ကြသလို ‘ ငါ့ဘဝ တစ်လျှောက်လုံး ဒီကစားသမားကို ချီးကျူးနေတော့မှာပါ ’ လို့ ပိုပိုသာသာ အသိအမှတ်ပြုမှုလည်း ရှိခဲ့ပါတယ်။
အခုဆိုရင် ယူနိုက်တက်ဟာ ဘိုင်ယန်မြူးနစ် (၉ မှတ်)၊ ဂါလာတာစရေး (၄ မှတ်) တို့နောက် ရမှတ် ၃ မှတ်ဖြင့် အုပ်စု တတိယနေရာမှာ ရပ်တည်နေပြီ ဖြစ်ပါတယ်။