အာဆင်နယ်အသင်းဟာ လက်ရှိ ဥရောပမှာ အဆင့် ၂၊ ၃ လောက် ရှိပေမယ့် ဒီရာသီ ချန်ပီယံလိဂ်မှာတော့ ဗိုလ်မစွဲနိုင်ဘူးလို့ လို့ လီဗာပူးနဲ့ မန်ယူ တိုက်စစ်မှုးဟောင်းကြီး မိုက်ကယ်အိုဝင်က သုံးသပ် ပြောဆိုလိုက်ပါတယ်။
ဂန်းနားတွေဟာ အင်္ဂါနေ့ညက စပိန်မြေမှာ ဆီဗီလာ အသင်းကို ၂-၁ နဲ့ အနိုင်ယူပြီး Group B မှာ အုပ်စုဗိုလ် အဖြစ် နေရာယူထားပါတယ်။
၂၀၁၆-၁၇ ဘောလုံးရာသီ နောက်ပိုင်း ပထမဆုံး အကြိမ် ချန်ပီယံလိဂ် ပြန် ကစားရတဲ့ အာဆင်နယ် အသင်း အနေနဲ့ အခုအနေအထားက နေရာကောင်းလို့ ဆိုနိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။
ကာလရှည် ချန်ပီယံလိဂ်နဲ့ ကင်းကွာခဲ့တာကြောင့် လာမယ့် အဆင့်တွေမှာ အာဆင်နယ် ခံစားသွားရနိုင်သော်လည်း အရည်အသွေးပိုင်း အရတော့ အာဆင်နယ်ဟာ ဥရောပ ထိပ်ဆုံး ၃ သင်းထဲ ပါဝင်တယ်လို့ မိုက်ကယ် အိုဝင်က ယုံကြည်စွာ ဆိုပါတယ်။
” အရည်အသွေးပိုင်း လုပ်နိုင်စွမ်းပိုင်းကို ကြည့်မယ် ဆိုရင် အာဆင်နယ် တစ်ပတ်ပြီး တစ်ပတ် လုပ်ပြနေတာ ကြည့်မယ် ဆိုရင် ဒီနှစ် ချန်ပီယံလိဂ်မှာ မန်ချက်စတာစီးတီးကို စိန်အခေါ်နိုင်ဆုံးက သူတို့ အသင်းပဲ ဖြစ်မယ်လို့ ကျွန်တော် ထင်တယ်။ သူတို့ အဲဒီလောက်ကို ကောင်းနေပြီ။
ဒါပေမယ့် ပြဿနာက မန်စီးတီးတုန်းက ကြုံခဲ့ရသလိုပဲ အသင်းတွေဟာ ပြည်တွင်းလိဂ်မှာ ကောင်းသလောက် ဒီပြိုင်ပွဲမှာ ဦးဆုံးရင်ဆိုင်ရပြီ ဆိုရင် နားလည်နိုင်ဖို့ အချိန်ယူ သင်ယူရတော့တယ်။ ဒီမှာ အတွေ့အကြုံရှိ အသင်းတွေကို ကျော်ဖြတ်ဖို့ အချိန်တစ်ခုတော့ လိုတယ်။ ဒါကို အာဆင်နယ် ဒီရာသီ ကြုံရနိုင်တယ် လို့ ကျွန်တော် ထင်တယ်။
အရည်အသွေးပဲ ပြောမယ် ဆိုရင်တော့ သူတို့က ဒီပြိုင်ပွဲမှာ ဒုတိယ ဒါမှမဟုတ် တတိယ အကောင်းဆုံး အသင်းလောက် ကျပါတယ်။
ဒါပေမယ့် အတွေ့အကြုံ နုသေးတော့ သူတို့ ဒီပြိုင်ပွဲ နောက်ဆုံးအဆင့်တွေထိ သွားဖို့ ဆိုရင် စိန်ခေါ်မှုကြီး ဖြစ်မယ်။ လုပ်ရည်ကိုင်ရည်ကတော့ သူတို့က လုံလောက် ကောင်းမွန်မှု ရှိပါတယ်။” လို့ အိုဝင်က သုံးသပ် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။