အိုးထရတ်ဖိုဒ့်မှာ မန်ချက်စတာ ယူနိုက်တက်နဲ့ သရေကျမယ့် အခွင့်အရေး ဆုံးရှုံးခဲ့တဲ့နောက် ကိုပင်ဟေဂင်နည်းပြ Jacob Neestrup က ပြိုင်ဘက်အသင်းသား ဂနာချိုကို အတော်လေး ဒေါသထွက်နေခဲ့ပါတယ်။
ပွဲချိန် ၉၅ မိနစ်မှာ ကိုပင်ဟေဂင်တို့ ပင်နယ်တီ ရခဲ့ပြီး တိုက်စစ်မှူး Jordan Larsson ကန်သွင်းပေမယ့် အိုနာနာ ကာကွယ်နိုင်ခဲ့တယ်။ အဆိုပါ ကန်သွင်းမှု မတိုင်ခင် ဂနာချိုက သူ့ကို သတိမထားမိချိန် ပင်နယ်တီနေရာကို ခြေထောက်နဲ့ တူးဆွကာ ပုံပျက်အောင် ဖန်တီးခဲ့တာပါ။
ကိုပင်ဟေဂင်ဘက်ကတော့ အဆိုပါလုပ်ရပ်ဟာ ‘အားကစားစိတ်ဓါတ် မရှိတာ’ လို့ ညွှန်းဆိုခဲ့သလို ‘ကလေးဆန်တဲ့ baby-level လုပ်ရပ်’ လို့လည်း ဝေဖန်ခဲ့ကြပါတယ်။
” ဒါတွေက ဘောလုံးအဖွဲ့တွေ၊ ဒိုင်တွေနဲ့ပဲ ဆိုင်ပါတယ်။ နောက်ခါကျရင် ဒီလို အပြုအမှုမျိုးအတွက် အနီကဒ် ပေးရပါမယ်။ ဒါဆိုရင် ဘယ်သူမှ အဲ့လို လုပ်ကြတော့မှာ မဟုတ်ပါဘူး ” လို့ နည်းပြ Jacob Neestrup က ပွဲအပြီး အင်တာဗျူးမှာ ပြောဆိုခဲ့တယ်။
ဆွီဒင်ရုပ်သံ TV4 Play က တစ်ဆင့် ပရီးမီးယားလိဂ် ကစားသမားဟောင်း Kallstrom ကလည်း ” ဘယ်လောက် ရုပ်ဆိုးတဲ့ ဖြစ်ရပ်လဲဗျာ။ သိပ်ကို ကလေးဆန်လွန်းတယ်။ ဒါက မစဉ်စားတတ်တဲ့ ကလေးတစ်ယောက် အဆင့်ပဲရှိတယ်။ ဒီလိုမျိုးတွေ နောက်ခါလုပ်ရင် အပြစ်ပေးသင့်ပါတယ် ” လို့ ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။