မနက်ဖြန် တနင်္ဂနွေနေ့မှာ အိုးထရက်ဖို့ဒ် ကွင်းကြီးမှာ မန်ချက်စတာ ယူနိုက်တက်နဲ့ မန်စီးတီးတို့ ထိပ်တိုက်တွေ့ကြဖို့ ရှိနေပြီး ထုံးစံ အတိုင်း မန်ချက်စတာ ဒါဘီပွဲ မတိုင်ခင် အပြန်အလှန် စကားစစ်ထိုးမှုတွေကလည်း ရှိနေပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ကပဲ စီးတီး ကစားသမား အကန်ဂျီက သူ မပါနိုင်ချိန်မှာ အသင်းဖော်တွေက ယူနိုက်တက် ကို အနိုင်ကန်နိုင်ကြောင်း အခိုင်အမာ ဆိုထားပါတယ်။

မန်ချက်စတာ ယူနိုက်တက် တောင်ပံတိုက်စစ်သမားလေး ပယ်လစ္စထရီ ကလည်း မန်ချက်စတာ မြို့မှာ စီးတီး ဂျာစီတွေ အလံတွေ တွေ့ကို မတွေ့ကြောင်း ပြောဆိုကာ ရိထေ့ ထားပါတယ်။

ပယ်လစ္စထရီက ” မန်ချက်စတာမှာက ယူနိုက်တက်ပဲ လွှမ်းမိုးထားတာပါ။ မြို့ထဲမှာဆို စီးတီး ဂျာစီရှပ်တွေ၊ အလံတွေ တွေ့တောင် မတွေ့ဘူး။ တခါတလေ ကျွန်တော့် ရည်းစားနဲ့ မြို့ထဲထွက်တုန်း စီးတီး ရှပ် တစ်ခုခုများ တွေ့မလား ရှာကြည့်ရအောင် ဆိုပြီးတောင် လုပ်ဖူးပါတယ်။ လုံးဝ မတွေ့ခဲ့ရဘူး။ ” လို့ ပြောဆိုခဲ့တာပါ။

မနေ့ညက ပွဲကြို ရှင်းလင်းပွဲမှာတော့ မန်စီးတီး နည်းပြ ပက် ဂွာဒီယိုလာကတော့ ပယ်လစ္စထရီ ရဲ့ အပြောကို ချာတိတ်လေးပါကွာ ဆိုတဲ့ အထာနဲ့ ပြန်ချေပြကာ တုန့်ပြန်သွားခဲ့ပါတယ်။

ပယ်လစ္စထရီရဲ့ စကားတွေကို ဘယ်လို သဘောထားလဲ လို့ သတင်းထောက်က စတင် မေးမြန်းခဲ့တာ ဖြစ်ပြီး ဂွာဒီယိုလာက ” ဒီကိစ္စက ကျွန်တော် Puma တာဝန်ရှိသူတွေနဲ့ စကားပြောရပါမယ်။ ဘာဖြစ်လို့လဲ၊ ဘာလို့ ဒီမှာ စီးတီးရှပ်တွေ မရှိတာလဲပေါ့။

ဒါပေမယ့် အိုကေပါတယ်။ ဒီကောင်လေး (ပယ်လစ္စထရီ)နဲ့ သူ့ရည်းစားက စီးတီးရှပ်တွေ မရှိဘူး ထင်နေရင်လည်း ထင်ပါစေပေါ့။ အဆင်ပြေပါတယ်။ ” လို့ တုန့်ပြန်သွားခဲ့ပါတယ်။

ပွဲကြိုရှင်းလင်းပွဲကို အရှိန်မြင့်ဖို့ သတင်းထောက် ဖြစ်သူက ‘ ဒါဆို အတည်ပေါက် မေးခွန်းတွေ မေးတော့မယ်နော် ‘ အစချီလိုက်ရာမှာ ပက်ကလည်း ထိုအခိုက်အတန့်ကို လက်လွှတ်မခံဘဲ ‘ ဒါဆို ခင်ဗျားက ပယ်လစ္စထရီ ပြောခဲ့တာတွေက အတည် မဟုတ်ဘူးလို့ ထင်တာပေါ့။ ‘ လို့ ပြုံးဖြီးဖြီးနဲ့ စကား ထောက်ကာ ပညာပြ သွားခဲ့ပါတယ်။