ဘောလုံးပွဲတွေ သုံးသပ်နေကြ ဆရာကြီး ပေါမာဆန်ကတော့ ဒီအပတ် မန်ချက်စတာ ယူနိုက်တက်နဲ့ မန်စီးတီး တို့ ထိပ်တိုက်တွေ့တဲ့ မန်ချက်စတာ ဒါဘီပွဲ အတွက် ကြိုတင် သုံးသပ် ခန့်မှန်းလာပြီ ဖြစ်ပါတယ်။

ပွဲကတော့ မနက်ဖြန် တနင်္ဂနွေနေ့ မြန်မာစံတော်ချိန် ည ၁ဝ နာရီ အချိန်၊ ယူနိုက်တက်ရဲ့ အိုးထရက်ဖို့ဒ် ကွင်းကြီး မှာ ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ်။

ပေါမာဆန်က ” မန်ချက်စတာ ယူနိုက်တက်က ဒီအပတ်တွေမှာ ရလဒ်ကောင်းတွေ ရနေပါတယ်။ မန်စီးတီးကို ရင်ဆိုင်ရာမှာတော့ သူတို့ ဘာရလဒ်မှ ရမှာ မဟုတ်ပါဘူး။

ဒီတလော ရလဒ်တွေကြောင့် မန်ချက်စတာ ယူနိုက်တက်ရဲ့ တကယ့် ပြသနာတွေက ဖုံးကွယ်နေသလို ဖြစ်နေတာပါ။ ဒါပေမယ့် မန်စီးတီးနဲ့ ပွဲမှာတော့ သူတို့ ဘာအခွင့်အရေးမှ ရှိမယ်လို့ ကျွန်တော် မထင်ဘူး။

စီတီဇင်တွေက ကိုယ်ပဲ ရသလောက် အများကြီး ယူချင်တဲ့ တောဘုရင် ခြင်္သေ့ လို စိတ်ဓာတ်မျိုး ရှိနေတာပါ။ ယူနိုက်တက်ကတော့ ပွဲချိန်ဝက်မှာတောင် အဖြူအမည်း သဲကွဲသွားမယ် ထင်ပါတယ်။ ပွဲက အဲဒီလို ဖြစ်မယ်လို့ ကျွန်တော် မြင်နေတယ်။

မန်ချက်စတာ ယူနိုက်တက်ရဲ့ ကိုပင်ဟေဂင်ပွဲကို ကျနော် ကြည့်ခဲ့ပြီး အဲ့ပွဲမှာ သူတို့ လုံလောက်အောင် မကောင်းပါဘူး။ နောက်ဆုံးမိနစ်မှာ အိုနာနာ ပင်နယ်တီ ကာကွယ်လိုက်နိုင်လို့ ဒိန်းမတ်အသင်းကို အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ဘရန့်ဖိုဒ့်ပွဲတုန်းကလည်း သူတို့ ပြိုင်ဘက်ရဲ့ လွှမ်းမိုးခြင်းကို ၈၅ မိနစ်ရောက်မှ တော်မီနေးနဲ့ ကျော်ဖြတ်နိုင်ခဲ့တာပါ။

မကြာခင်မှာ သရဲနီတွေ အနိုင်ယူခံရတော့မှာဖြစ်ပြီး စီးတီးကို ရင်ဆိုင်ရာမှာ မညှာမတာ ရလဒ်မျိုးမထွက်အောင် ယူနိုက်တက်တို့ ဂရုစိုက်ရပါမယ်။ ” လို့ အသေးစိတ် သုံးသပ်သွားပါတယ်။

ပေါမာဆန် ရဲ့ ခန့်မှန်းရလဒ် ကတော့ မန်ချက်စတာ ယူနိုက်တက် ၁-၃ မန်စီးတီး ဖြစ်ပါတယ်။