စနေနေ့ညပိုင်း ပရီးမီးယားလိဂ် အိမ်ကွင်းပွဲမှာ အာဆင်နယ် အသင်းက အဓိက ကစားသမားတွေကို အနားပေးကာ ပွဲထွက်မှာ အပြောင်းအလဲ များစွာ လုပ်ခဲ့ပေမယ့် တန်ဆင်းဇုန်က ရှက်ဖီးကို ၅-၀ ဖြင့် ဂိုးပြတ် အနိုင်ယူပြီး ထူးရှယ် ချန်ပီယံခြေစွမ်း ပြသခဲ့ပါတယ်။

မျှော်လင့်ထားသလိုပဲ ပရီးမီးယားလိဂ် စိန်ခေါ်သူအဖြစ် ရေပန်းစားနေတဲ့ အာဆင်နယ်ဟာ ပွဲအစ မိနစ်တည်းက လွှမ်းမိုးကစားခဲ့တာပါ၊ ဘောလုံးပိုင်ဆိုင်မှု ၈၀% လောက်ထိ ရခဲ့သလို ပွဲအစ ၁၀ မိနစ်အတွင်း အာဆင်နယ် ကွင်းလယ်ခြမ်းမှာ ရှက်ဖီးတို့ ဘောလုံးထိချက် ၈ ကြိမ်ပဲ ရှိတယ်ဆိုတာက ဒီပွဲ ဘယ်လောက်တောင် တဖတ်သတ်ဆန်တယ်ဆိုတာ မှန်းဆနိုင်ပါတယ်။

အာဆင်နယ် အတွက် ဂိုးတွေကို အန်ကတ်တီးယားက ၃ ဂိုးနဲ့ ဟက်ထရစ်၊ ဗီအဲရာက ပင်နယ်တီကနေ တစ်ဂိုးနဲ့ တိုမီယာ ဆုက တစ်ဂိုး သွင်းယူခဲ့တာပါ။

အန်ကတ်တီးယား အတွက် ပရီးမီးယားလိဂ် ပထမဆုံး ဟက်ထရစ် ရခဲ့တာ ဖြစ်သလို တိုမီယာဆု အတွက်လည်း အာဆင်နယ်နဲ့ ပထမဆုံး သွင်းဂိုး ဖြစ်သွားခဲ့ပါတယ်။

အင်္ဂလန်နဲ့ လီဗာပူး နောက်ခံလူဟောင်းကြီး စတီဖန် ဝါးနော့ခ် ကတော့ လူစာရင်း များစွာ အပြောင်းအလဲ လုပ်ထားတာတောင် ခြေစွမ်းကောင်း ဂိုးပြတ်နိုင်တဲ့ အာဆင်နယ် အသင်းကို အထင်ကြီးစွာ ချီးကျူးသွားခဲ့ပါတယ်။

” အာဆင်နယ်ကတော့ ပုံမှန်အတိုင်း သူ့ အလုပ် သူ အေးဆေး လုပ်သွားပါတယ်။ အိမ်နီးချင်း တော့တင်ဟမ် အသင်းရဲ့ မနေ့ညက နိုင်ပွဲ အပေါ် သူတို့ ပြန် တုန့်ပြန်ပြသွားတာပါ။ ကိုယ့် အလုပ်ကိုယ် သေချာ လုပ်ပြီး အမှတ်ပြည့် ရအောင် ယူသွားတယ်။

ဒီည အာဆင်နယ် အသင်းမှာ လူစာရင်းက အများကြီး အပြောင်းအလဲ လုပ်ထားတယ်။ ဒါပေမယ့် စွမ်းဆောင်ရည် အရ ကြည့်မယ် ဆိုရင် သူတို့ လူစာရင်း အပြောင်းအလဲ လုပ်တယ် ဆိုတာတောင် သတိပြုမိမယ် မထင်ဘူး။ တကယ် ကျွတ်ဆင်ကြီး။

ပွဲက သူတို့အတွက် သိပ်ကို လွယ်ကူလွန်းခဲ့တယ်။ ဒီနေ့ အေးအေးဆေးဆေး ပျော်ပျော်ပဲ ကစားသွားကြသလိုပဲ။ ဂိုးသမား ဒေးဗစ် ရာယာဆို ဒီနေ့ပွဲမှာ ကွင်းပြင်က လူ တစ်ယောက်လို ကို အေးဆေးပဲ။ ” လို့ ဝါးနော့ခ်က ချီးကျူးသွားခဲ့တာ ဖြစ်ပါတယ်။

ဒီနိုင်ပွဲအပြီး အာဆင်နယ်ဟာ ဇယားထိပ်က စပါးနောက် ၂ မှတ်အကွာ ဒုတိယနေရာကနေ ဆက်လက် ဖိအားပေးနေဆဲဖြစ်ပါတယ်။