ချယ်ဆီးနည်းပြ ပိုချက်တီနိုကတော့ မနေ့ညက အိမ်ကွင်း စတန်းဖို့ဘရစ်ချ်မှာ ဘရန့်ဖို့ဒ်ကို ၂-ဝ နဲ့ ရှုံးခဲ့ရပြီးနောက် သူ့ အသင်း ခြေစွမ်း ကောင်းမွန်ပါလျက် အဆုံးသတ်ပိုင်း သေချာထက်မြက်ခြင်း မရှိလို့ ရှုံးပွဲနဲ့ ကြုံခဲ့ရကြောင်း ပွဲအပြီးမှာ မချင့်မရဲ ပြောဆိုလာပါတယ်။
” ကျွန်တော် တကယ်ကို စိတ်ပျက်မိပါတယ်။ ပွဲရလဒ်က အသင်းခြေစွမ်းကို မထင်ဟပ်ဘူး ဖြစ်သွားတယ်။ စွမ်းဆောင်ရည်ပိုင်း အကြောင်း အများကြီး ပြောနိုင်ပါတယ်။ ဒါပေမယ့် ခပ်မာမာ ကစားဖို့နဲ့ ဂိုးဧရိယာထဲမှာ ထိထိရောက်ရောက် လုပ်နိုင်ဖို့က လိုတယ်။
အသင်းက ခုထက်ပိုပြီး ထိထိရောက်ရောက် လုပ်နိုင်ဖို့နဲ့ တောင့်တင်းဖို့ လိုအပ်နေပါတယ်။ ကျွန်တော်တို့က ဒီနေ့ ပွဲမှာ စိုးမိုးနိုင်ပြီး အခွင့်အရေးတွေလည်း ဖန်တီးနိုင်ခဲ့တယ်လို့ ထင်တယ်။ ဒါပေမယ့် ဂိုး မသွင်းနိုင်တော့ ယုံကြည်မှု က ကျသွားတယ်လေ။ ” လို့ ပိုချက်တီနိုက ဆိုခဲ့တာ ဖြစ်ပါတယ်။
ဂိုးရှေ့မှာ ချယ်ဆီး အသင်း များစွာ အခက်တွေ့နေတာနဲ့ ပတ်သတ်ပြီးလည်း ပိုချက်တီနိုက အချိန်တစ်ခု လိုအပ်သေးကြောင်း ဆင်ခြေပေးခဲ့ပါတယ်။
” ဒါက process တစ်ခုပါ။ ကျွန်တော်တို့ ယုံကြည်မှု ရဖို့နဲ့ ရှေ့ဆက်အားထုတ်ဖို့ အတွက် အချိန် အတိုင်းအတာ တစ်ခု လိုပါတယ်။ အခက်ဆုံး ကိစ္စကတော့ ယုံကြည်မှုကို ဖန်တီးတည်ဆောက်ဖို့ပဲ။ တခါတလေ အသင်းက ကစားတာ မကောင်းရင်တောင် နိုင်သွားနိုင်တယ်။ ဒါက ယုံကြည်မှု ရှိလို့ပဲ။
ဒီ ကစားသမားတွေက အရမ်းကို ငယ်ရွယ်တဲ့ အုပ်စုပါ။ တခြားထက် စိတ်ဓာတ်ပိုင်းနဲ့ ယုံကြည်မှုပိုင်း တည်ဆောက်ဖို့ သူတို့က ပိုပြီး လိုအပ်နေတယ်။ ဒါတွေ ရလာရင် ရလဒ်ကောင်းတွေက ရောက်လာမှာပါပဲ။ ” လို့ ဖြေရှင်း တုန့်ပြန်သွားပါတယ်။