မန်ချက်စတာ ယူနိုက်တက် အသင်းဟာ နည်းပြ တန်ဟက်နဲ့ အတူ ဒီရာသီ တာထွက်မှာ ရုန်းကန် အရှိန် ယူနေရသေးပြီး ဝေဖန်မှုတွေလည်း ရှိနေပါသေးတယ်။

ဒီနေ့ညမှာတော့ အိုးထရက်ဖို့ဒ်မှာ မန်ချက်စတာ ဒါဘီပွဲ ရှိနေပြီး ရလဒ်ကတော့ နည်းပြတန်ဟက် မျက်နှာပန်းလှဖို့ ခက်နိုင်ဖွယ် ရှိနေပါတယ်။

မန်ချက်စတာဒါဘီ မတိုင်ခင် ပွဲကြို ရှင်းလင်းပွဲမှာ ပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်က ထိပ်ဆုံး အဆင့်တွေကို ပြန်ပြီး စိန်ခေါ်နိုင်မလားလို့ စီးတီးနည်းပြ ပက် ဂွာဒီယိုလာအား သတင်းသမားတွေက မေးမြန်းခဲ့ကြပြီး ဂွာဒီယိုလာကတော့ အခုလို ပါးပါးနပ်နပ် ဖြေကြားခဲ့ပါတယ်။

ဂွာဒီယိုလာက ” အဲ့ဒါတော့ သူတို့ အချိန်ယူရပါမယ်။ ယူနိုက်တက်က ၄ ပွဲ၊ ၅ ပွဲ၊ ၆ ပွဲလောက် ဆက်တိုက် နိုင်ရမယ်။ သူတို့ အဲ့လို လုပ်နိုင်ရင် ထိပ်ဆုံးကို ပြန်ရောက်လာမှာပါ။

ကျနော်ရဲ့ ပထမရာသီတုန်းကလို နိုင်နိုင် မနိုင်နိုင် မန်နေဂျာတွေကို သူတို့အလုပ် သူတို့လုပ်ပါစေဆိုပြီး လွှတ်သာ ထားလိုက်၊ မန်နေဂျာတွေကို အချိန်ပေးလိုက်၊ ဒါဆိုရင် သူတို့ လုပ်ပြနိုင်ပါလိမ့်မယ် ” လို့ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် ပိုင်ရှင်တွေနဲ့ ဘုတ်အဖွဲ့လည်း နည်းပြတန်ဟက်ဘက်မှာ ရပ်တည် ထောက်ခံချက် ပေးနေဆဲ ဖြစ်ပါတယ်။