မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှုးသစ် ရာမတ်စ် ဟွိုင်လန်း တစ်ယောက် ပရီးမီးယားလိဂ်မှာ ဖြစ်သင့်သလောက် မဖြစ်ထွန်းနိုင်သေးတာ အသင်းဖော် ၂ ယောက် ကြောင့် လို့ သရဲနီဟောင်းကြီး ရီယို ဖာဒီနန်ကတော့ ပြစ်တင်စကား ဆိုလိုက်ပါတယ်။

ဖာဒီနန်က မန်ချက်စတာ ယူနိုက်တက် တောင်ပံတိုက်စစ်သမားတွေ ဖြစ်တဲ့ မားကပ် ရက်ဖို့ဒ်နဲ့ အန်တိုနီ တို့က ဟွိုင်လန်းကို မကူညီကြလို့ ဒိန်းမတ်သား ရုန်းကန်နေရတာ လို့ သူ့ရဲ့ ယူကျူ့ချယ်နယ်မှာ ဆိုသွားခဲ့တာပါ။

” ကျွန်တော်တို့ အနေနဲ့ ကိုယ့် ကစားသမားတွေရဲ့ အားသာချက်တွေကို ဖော်ထုတ်နိုင်မယ့် နေရာမျိုး လိုပါတယ်။ ခင်ဗျားတို့ ဟွိုင်လန်း ကိုပဲ ကြည့်လိုက်ဦး။ သူက ဖြတ်တင်ဘောတွေ ပေးပို့လာတာကို လိုချင်တယ်။

ချန်ပီယံလိရ်မှာ သူ သွင်းခဲ့တဲ့ သွင်းဂိုးတွေကို ကြည့်ဦး။ သူက ဖြတ်တင်ဘောတွေကနေ ထိုးဖောက်တာပဲ။ ဘောလုံးကို တောင်ပံ ဖြန့်ယူသွားပြီး သူ့ဆီသာ ဖြတ်တင်ပေးလိုက်။

အန်တိုနီဆို ဘောလုံးရရင် သူ့ ဘယ်ခြေနဲ့ပဲ လှည့်နေတယ်၊ လှမ်းတင်မပေးဘူး။ မားကပ် ရက်ဖို့ဒ် ဆိုလည်း သူ့ ဘယ်ခြမ်းကနေ သေချာ တင် မပေးဘူး။ အစွန်ပြိုင်ဘက်သမားတွေကို ကျော်ဖြတ်ပြီး ခပ်မြင့်မြင့် ဖြတ်တင်ပေးလိုက်ကြစမ်းပါ။ ဧရိယာထဲ ရောက်အောင် တင်ပေးလိုက်။ ဟွိုင်လန်း က ဂိုးကန်သွင်းလိမ့်မယ်။ ” လို့ ဖာဒီနန်က အားမရစွာ ဆိုခဲ့တာ ဖြစ်ပါတယ်။

ဟွိုင်လန်း ဟာ ပရီးမီးယားလိဂ်မှာ သွင်းဂိုး မရသေးပါဘူး။ ဒါပေမယ့် ချန်ပီယံလိဂ်မှာတော့ ၃ ဂိုး သွင်းပေးထားပြီ ဖြစ်ပါတယ်။