မနေ့ည မန်ယူနဲ့ စီးတီးတို့ရဲ့ မန်ချက်စတာ ဒါဘီပွဲမှာ လူစားဝင်လာခဲ့ပြီး ဘောလုံးကို အာရုံစိုက်ဖို့ထက် ပြိုင်ဘက်အသင်းသား ဒိုကူကို လိုက်ကန်နေခဲ့တဲ့ မန်ယူ တိုက်စစ်သမား အန်တိုနီရဲ့ လုပ်ရပ် အပေါ် သရဲနီဟောင်းကြီး ဂယ်ရီနဗီးက အတော်လေး စိတ်ပျက်နေပါတယ်။

ဒိုကူကို ကန်ခဲ့တာကြောင့် နှစ်သင်း ညိမလိုဖြစ်ခဲ့သလို အဝါကဒ် ပြသခံခဲ့ရတဲ့ အန်တိုနီဖြစ်ရပ်နဲ့ ပတ်သက်လို့ ဂယ်ရီနဗီးက အခုလိုပဲ ထုတ်ဖော် ဝေဖန်လာပါတယ်။

” အန်တိုနီက ဒိုကူကို လိုက်ကန်ခဲ့တယ်။ ယူနိုက်တက်က စည်းကမ်းပိုင်း အတော်လေး ညံ့ဖျင်းသွားခဲ့ပါတယ်။ အသင်းခေါင်းဆောင်ကအစ ပါခဲ့တာပါ။ အန်တိုနီရဲ့ လုပ်ရပ်ကတော့ ရှက်စရာပါပဲ။

ကျနော်ကတော့ အဲ့ဖြစ်ရပ်အတွက် အန်တိုနီ အနီကဒ်နဲ့ အထုတ်ခံတာမျိုးပဲ မြင်လိုက်ချင်တော့တယ်။ အသင်းက ၃-၀ ရှုံးနေချိန် ကွင်းထဲ ပြေးလွှားဝင်လာပြီး တွေ့ကရာလူ လိုက်ကန်နေတာက ကောင်းတဲ့ လက္ခဏာ မဟုတ်ပါဘူး ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ရဲ့ စိတ်ပျက်စရာ ခြေစွမ်းကို အိုးထရတ်ဖိုဒ့်က ပရိသတ် အများအပြားက စိတ်ပျက်ခဲ့ဟန် ရှိပါတယ်။ ပွဲမပြီးခင်မှာတင် ပရိသတ် ထက်ဝက်ကျော်ဟာ ကွင်းထဲကနေ ထွက်ခွာသွားခဲ့ကြတာပါ။

ဂယ်ရီနဗီးကပဲ ” ဒုတိယပိုင်းမှာ ယူနိုက်တက်က လုံးဝကို ပျောက်ဆုံးသွားခဲ့တော့တာပဲ။ ပရိသတ် ထက်ဝက်လောက်က ကွင်းထဲက ထွက်သွားခဲ့တယ်။ အသင်းရဲ့ အခြေအနေကို သူတို့ သိတယ်လေ ” လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။