ပြီးခဲ့တဲ့ နယူးကာဆယ်နဲ့ ပွဲ အပြီးမှာ ပရီးမီးယားလိဂ် ဒိုင်လူကြီးတွေကို ဝေဖန်ခဲ့တဲ့ အာတီတာနဲ့ နည်းပြဘက်က ရပ်တည်ပြီး ဒိုင်အဖွဲ့အား အာဆင်နယ်အသင်း ပြစ်တင် ဝေဖန်စာ ထုတ်ခြင်း အပေါ် ဘောလုံးသုံးသပ်သူတွေက အတော်လေး သဘောမကျဖြစ်နေပါတယ်။

မိုက်ကယ် အိုဝင်က “ အာတီတာ ပြောခဲ့တဲ့ ‘ရှက်ဖို့ကောင်းတယ်’ နဲ့ ‘ကျက်သရေ မရှိဘူး’ လို့ ဝေဖန်ချက် တွေကတော့ သူ့ကိုယ်ပဲ ကိုယ်စားပြုပါတယ်။ အာဆင်နယ်က အသင်း တစ်သင်းအနေနဲ့ ဒါကို ထောက်ခံတယ် ဆိုရင်တော့ သူတို့က လုံးဝကို အဆင့် မရှိပါဘူး။ ” လို့ ဝေဖန်သွားခဲ့ပါတယ်။

အန်တိုနီ ဂေါ်ဒန်ရဲ့ သွင်းဂိုးဟာ အာဆင်နယ်အတွက် လက်မခံနိုင်စရာ အခြေအနေဖြစ်ခဲ့ပြီး ဂိုးပေးသင့်တယ် ဆိုတဲ့ သက်သေ ခိုင်ခိုင်မာမာ မရှိခဲ့ပါဘူး။ ဒါပေမယ့် တစ်ဖက်မှာ ဂိုးမပေးသင့်ကြောင်း သက်သေပြစရာလည်း မရှိတာမို့ (ဖြစ်ရပ်တွေအတွက် ကင်မရာရှုထောင့် မရှိ) VAR ဒိုင်တွေက ဂိုးအဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။

အာတီတာက ဒိုင်တွေကို ဝေဖန်ခဲ့သလို အာဆင်နယ်အသင်းဘက်က နည်းပြရဲ့ နောက်မှာ အပြည့်အဝ ရပ်တည်ပြီး ပရီးမီးယားလိဂ် ဒိုင်တွေကို ထပ်ဆောင်း ဝေဖန်ချက် စာထုတ်ခဲ့တာပါ။ ဒါဟာ လုံးဝ မလုပ်သင့်တဲ့ ကိစ္စလို့ နဗီးကလည်း ဝေဖန်ခဲ့ပါတယ်။

နဗီးက ” တလောကလုံးက ကိုယ့်ကို တိုက်ခိုက်နေတယ်လို့ သူတို့ ခံစားခဲ့ရမှာပါ။ ဒါကို ကျနော် နားလည်ပါတယ်။ ငါတို့အသင်းကို လူတိုင်း မုန်းနေတာ၊ ဒိုင်တွေကလည်း ငါတို့ဘက် မပါဘူး၊ ဘက်လိုက်နေကြတယ်လို့ ခံစားနေရမှာပါ။

သို့ပေမယ့်လို့ အာဆင်နယ်လို အသင်းက ဒိုင်အဖွဲ့အစည်း တစ်ခုလုံးနဲ့ လိဂ်ပြိုင်ပွဲရဲ့ စနစ် တစ်ခုလုံးကို အထင်သေးတဲ့ စာမျိုး ရေးသားတာကတော့ လုံးဝ အဆင်မပြေပါဘူး။ အာဆင်နယ်နဲ့ လီဗာပူးအသင်းတို့ အခုလို စာထုတ်ခဲ့တာတွေဟာ မှားယွင်းပါတယ်။ လုပ်ချင်ရင်တောင် တိတ်တိတ်လေး လုပ်ရမှာပါ။

ဟောင်းဝပ် နေရာ ကျနော်ဆိုရင် သူတို့ကို လုံးဝ မတောင်းပန်ဘူးဗျာ။ ဒိုင်တွေထက် ကစားသမားတွေနဲ့ မန်နေဂျာတွေ ကတောင် ပိုအမှားလုပ်ကြတာပါ ” လို့ ဝေဖန်ခဲ့ပါတယ်။

သီတင်းပတ် အနည်းငယ် အတွင်း ပရီးမီးယားလိဂ် ထိပ်သီး ၂ သင်းနဲ့ လိဂ်ဒိုင်အဖွဲ့ကြား အခုလို အကြီးအကျယ် ထိပ်တိုက်တွေ့ခြင်းဟာ မီဒီယာတွေမှာပါ ပွဲဆူနေခဲ့ပြီ ဖြစ်ပါတယ်။