ဒီရာသီ ရှုံးပွဲ မရှိသေးတဲ့ တော့တင်ဟမ် စပါးအသင်းဟာ မနေ့ညက နည်းပြဟောင်း ပိုချက်တီနို ကိုင်တွယ်နေတဲ့ ချယ်ဆီး အသင်းကို ဧည့်ခံ ကစားရာ ၄-၁ နဲ့ အရေးနိမ့်ခဲ့ရပါတယ်။ ဒီပွဲမှာ စပါး ကစားသမား ၂ ယောက် အထုတ်ပယ်ခံရပြီး ပင်နယ်တီလည်း တစ်ကြိမ် ပေးခဲ့ရပါတယ်။

ပွဲ အပြီးမှာ စပါးနည်းပြ ပိုစတီကိုဂလူ က အနီကဒ်ဟာ ပွဲအဖြေကို သက်ရောက်စေခဲ့တယ်လို့ မှတ်ချက်ပေးခဲ့ပေမယ့် ဒိုင်တွေရဲ့ ဆုံးဖြတ်ချက်ကို အပြစ်တင်ဖို့ ငြင်းဆန်ခဲ့ပါတယ်။

စပါးတို့က ဦးဆောင်ဂိုး ရခဲ့ပြီး ဆွန်ရဲ့ ပိတ်သွင်းခြင်းနဲ့အတူ ဒုတိယဂိုး ထပ်ရပေမယ့် လူကျွံကြောင်း VAR က ဆုံးဖြတ်ခဲ့တာပါ။ နောက်ပိုင်းမှာ ရိုမဲရိုး အထုတ်ခံရပြီး ပင်နယ်တီ ပေးခဲ့ရသလို အူဒိုဂီပါ ထုတ်ခံရတဲ့နောက် ၉ ယောက်တည်းဖြင့် ချယ်ဆီးကို ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။

နညးပြ ပိုစတီကိုဂလူ က ” ပွဲထဲမှာ VAR ပြန်စစ်ဆေးရတာတွေ အကြိမ်အများကြီး ရှိခဲ့တယ်။ ကျနော်အတွက်တော့ ဒီပွဲနဲ့ ပတ်သက်ပြီး သုံးသပ်မှု ပြုလုပ်ဖို့က ခက်ခဲပါတယ် ဒါပေမယ့် ကစားသမားတွေအတွက် ဂုဏ်ယူတယ်။

ပွဲအဆုံးထိ တစ်ခုခု လုပ်ပြနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ ကစားသမားတွေက သူတို့ လုပ်နိုင်သမျှ အစွမ်းကုန် ကြိုးစားပေးခဲ့ပါတယ်။

VAR ဆုံးဖြတ်ချက်တွေ အချိန်ယူရတာကို မကြိုက်ပါဘူး။ ပွဲထဲမှာတော့ အဲ့လို ဖြစ်ခဲ့တယ်။ ဘာတွေဖြစ်ခဲ့လဲဆိုတာကို သိရဖို့ အချိန်အကြာကြီး ယူရတာမျိုး ကျနော် မကြိုက်ပါဘူး။

ဒါပေမယ့် ကျနော်က သင်ယူဖို့ရာ အသက်ကြီးနေပါပြီ။ ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက် မှားမှား မှန်မှန် လေးစား သွားမှာပါ။ ” လို့ တုန့်ပြန်သွားတာ ဖြစ်ပါတယ်။

ပင်နယ်တီနဲ့ အနီကဒ် တစ်ပြိုင်တည်း ပေးခဲ့ရတဲ့ ဆုံးဖြတ်ချက်အတွက်ကိုတော့ ” သူတို့ သေချာကြည့်ပြီး ပေးလိုက်တာဆိုတော့ ကျနော် လက်ခံပါတယ် ” လို့ပဲ ပိုစတီကိုဂလူ က တုန့်ပြန်သွားပါတယ်။