ဂျင်မီ ကာရေဂါကတော့ လူတန်တောင်ပွဲမှာ ဂိုးရဖို့ ရုန်းကန်ခဲ့ရသလို သွင်းဂိုး ခပ်လွယ်လွယ် ခွင့်ပြုခဲ့တဲ့ လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်ဖလား စိန်ခေါ်ဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ မှတ်ချက်ပေးလိုက်ပါတယ်။

လူစားဝင် တိုက်စစ်သမား ဒီယက်ဇ်ရဲ့ သွင်းဂိုးကြောင့် ခြေပဂိုး ရခဲ့ပေမယ့် လီဗာပူးရဲ့ ခြေစွမ်းဟာ ပုံမှန်အောက်ကို ရောက်ခဲ့တာပါ။ ကာရေဂါကတော့ အသင်းဟာ ထိပ်ဆုံး ၄ သင်း ဝင်ဖို့ပဲ စွမ်းဆောင်နိုင်မယ်လို့ မြင်သလို ဇန်နဝါရီမှာ နေရာ ၂ ခုအတွက် အားဖြည့်ဖို့ အကြံပေးခဲ့ပါတယ်။

‘ ကောင်တာ-တိုက်စစ်ကို ရပ်တန့်တဲ့ နေရာမှာ အခုချိန်ထိ လီဗာပူးက မန်စီးတီးလောက် မကောင်းပါဘူး။ လီဗာပူးက ဘောလုံးပိုင်ဆိုင်မှု ကောင်းပြီး ဘောလုံးတွေ ရပေမယ့် ဘောလုံးမရှိချိန်မှာ မန်စီးတီးလောက် မကောင်းပါဘူး။ ဒါကြောင့် မကြာခဏ ဘောလုံး ဆုံးရှုံးပါတယ်။

လီဗာပူးကွင်းလယ်က မနှစ်ကထက် တိုးတက်လာပေမယ့် သူတို့မှာ ကွင်းလယ် ခံစစ်သမား လိုနေဆဲပါ။ မက်ကယ်လစ္စတာက ထိပ်တန်း ကွင်းလယ် ခံစစ်သမား မဟုတ်ပါဘူး။ ဘောလုံး လက်ခံယူသူ နေရာမှာ သူကောင်းပေမယ့် ခံစစ်ပိုင်းက သူ့အတွက် ခက်ခဲပါတယ်။ သူက အရှိန်နည်းတဲ့ ကွင်းလယ်လူပါ။

ခံစစ် ၄ ယောက်တန်းမှာလည်း နှစ်နေရာလောက် ကစားနိုင်တဲ့ ခံစစ်မှူးကောင်း မရှိပါဘူး။ လီဗာပူးက ပရီးမီးယားလိဂ်ကို စိန်ခေါ်ဖို့ အဆင်သင့် မဖြစ်သေးပါဘူး။ အခုချိန်မှာ ယာဂင်ကလော့ပ်နဲ့ လီဗာပူး ပရိသတ်တွေက ဒါကို သိပါတယ်။

အသင်းက ထိပ်ဆုံး ၄ သင်းထဲ ပြန်ဝင်လာမှာပါ။ ဆုဖလား စိန်ခေါ်ဖို့ကတော့ ကွင်းလယ် အတွင်းလူနဲ့ ထိပ်တန်း ခံစစ်မှူး တစ်ဦး ထပ်လိုပါတယ် ’ လို့ ပြောဆိုသွားတာ ဖြစ်ပါတယ်။