နည်းပြ အာတီတာရဲ့ အာဆင်နယ် အသင်း ဟာ ဒဏ်ရာကြောင့် ကစားသမား အချို့ကို လက်လွတ်ထားရပေမယ့် မနေ့ညက ပရီးမီးယားလိဂ် ပွဲမှာတော့ ဘန်လေကို အိမ်ကွင်းမှာ ၃-၁ ရလဒ်ဖြင့် အနိုင်ရခဲ့ပါတယ်။
ဂျေးဆု၊ အိုဒီဂတ်တို့ ဒဏ်ရာကြောင့် မပါနိုင်ခဲ့ပေမယ့် အာဆင်နယ်ရဲ့ ပွဲထွက်လူစာရင်းက တောင့်တင်းနေဆဲ ဖြစ်ပါတယ်။
ပွဲအစပိုင်းမှာ အပြန်အလှန် အားစမ်းခဲ့ကြပြီး အာဆင်နယ်က ဘောလုံးပိုင်ဆိုင်မှု ပိုသာခဲ့ပါတယ်။ မိနစ် ၃၀ လောက် မတိုင်ခင် ဘန်လေကလည်း ခြိမ်းခြောက်မှုတွေ လုပ်ပြနိုင်ခဲ့တယ်။
နှစ်ဘက် ဂိုးသမား ကာကွယ်မှုတွေ လုပ်ခဲ့ရပေမယ့် ပွဲချိန် နာရီဝက် နောက်ပိုင်းမှာတော့ အာဆင်နယ်က ဘောလုံးကို ခပ်မြန်မြန် ပေးမှုတွေနဲ့အတူ ပွဲကို အုပ်စီးသွားခဲ့ပါတယ်။ အာဆင်နယ်က ပိုသာလာပေမယ့် ဂိုးရဖို့ကတော့ ရုန်းကန်နေခဲ့ရပါတယ်။
ပထမပိုင်း မပြီးခင်မှာပဲ မထင်မှတ်ထားတဲ့ အခြေအနေအဖြစ် ဆာကာရဲ့ ဘောလုံး ခုန်တိုက်မှုကနေ ရလာတဲ့ အခွင့်အရေးကို ထရော့ဇတ်က ခပ်ရဲရဲ ခေါင်းဝင်တိုက်ပြီး ဦးဆောင်ဂိုး ရယူခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ် ခြေပိုသာပေမယ့် ဘန်လေဘက်ကလည်း ခြမ်းခြောက်မှုတွေ လုပ်နိုင်တာနဲ့အတူ ဒုတိယပိုင်း ပြန်စပြီး ၁၀ မိနစ်လောက်မှာ ဧရိယာထိပ်ကနေ ပြေးပိတ်ပြီး ခြေပဂိုး ပြန်ယူပါတယ်။ မိနစ်ပိုင်းပဲ ကြာလိုက်ပြီး ဆာလီဘာက ထောင့်ကန်ဘော ကနေ ခေါင်းတိုက်ကာ ဦးဆောင်ဂိုး ထပ်ယူခဲ့တယ်။
တူညီတဲ့နေရာက ကန်တင်တဲ့ ထောင့်ကန်ဘောကို ဘန်လေဘက်က ရှင်းထုတ်လို့ ဧရိယာထဲ ပြန်ကျလာတဲ့ ဘောလုံးကို ဇင်ချန်ကိုက ကွန်းဖူးကစ် ကစ်ပြီး လှလှပပ အဆုံးသတ်တာမို့ အာဆင်နယ်အသင်း ပွဲကို ပြတ်ပြတ် သားသား ဦးဆောင်နိုင်ခဲ့ပါတယ်။
ပွဲချိန် ၈၃ မှာတော့ ပြိုင်ဘက်ကစားသမားကို နာကျင်အောင် ထိခိုက်စေခြင်းကြောင့် ဗီအဲရာကို ကွင်းလယ်ဒိုင် အိုလီဗာက တိုက်ရိုက် အနီကဒ်ဖြင့် ထုတ်ပယ်ခဲ့ပါတယ်။ ခက်ခဲတဲ့ အခြေအနေ အချို့ ဖြစ်လာခဲ့ပေမယ့် အာဆင်နယ်က ပွဲကို ထိန်းချုပ်နိုင်ခဲ့ကာ နိုင်ပွဲယူခဲ့တာ ဖြစ်ပါတယ်။
ဒီနိုင်ပွဲကြောင့် အာဆင်နယ်ဟာ မန်စီးတီးနဲ့ ရမှတ်တူ အဆင့် ၂ နေရာကို ဝင်ယူသွားခဲ့ သလို ဒီနှစ် ဩဂုတ်လ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အမှတ်ပေးဇယားမှာ မြို့ခံပြိုင်ဘက် စပါးကို ကျော်တက် နိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။