မန်ချက်စတာ ယူနိုက်တက်ဟာ ဒီစနေည အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ တန်းတက် လူတန်တောင်း အသင်းကို ဧည့်ခံပြီး ၁-၀ ရလဒ်ဖြင့် ခက်ခက်ခဲခဲ အနိုင်ရခဲ့ပါတယ်။

ဒီည ပွဲထွက် လူစာရင်းမှာ ယူနိုက်တက် ဗာရန်းကို မထည့်ခဲ့သလို ဘယ်အစွန်လူ ရီဂွယ်လွန်ပါဝင်လာခဲ့တယ်။ တိုက်စစ် အတွဲမှာလည်း အန်တိုနီကို ခေါက်ထားပြီး လူငယ် တိုက်စစ်သမား ဂနာချိုကို နေရာပေးခဲ့ပါတယ်။

ဒီပွဲဟာ ယူနိုက်တက်တို့ ဘောလုံးပိုင်ဆိုင်မှု အသာ၊ ခြေအသာဖြင့် ကစားခဲ့တဲ့ ပွဲစဉ်ဖြစ်ပြီး ပထမပိုင်း ၁၀ မိနစ် အတွင်းမှာတင် ရက်ဖိုဒ့်နဲ့ ဟွိုင်လန်းတို့ ဂိုးတွေ သွင်းယူနိုင်ခဲ့သင့်တာပါ။ ဟွိုင်လန်းရဲ့ ပိတ်ချက်ကို လူတန်တောင်း ဂိုးသမား အံ့ဩသင့်ဖွယ် ကာကွယ်နိုင်ခဲ့တာကလည်း ယူနိုက်တက်တို့ ဂိုးရခွင့်ကို ဆုံးရှုံးစေခဲ့ပါတယ်။

အရင်ပွဲတွေနဲ့ မတူတာက ဒီပွဲမှာ ယူနိုက်တက်ဟာ အခွင့်အရေးပြီးရင်း အခွင့်အရေးတွေ ထပ်ထပ်ရခဲ့ပါတယ်။ အတော်လေး တွန်းကစားပေမယ့် တိုက်စစ်ပိုင်း ဂိုးရဖို့ ယုံကြည်ချက် မရှိခြင်းကြောင့် ယူနိုက်တက်တို့ ပွဲကို ဦးဆောင်ဖို့ ရုန်းကန်နေခဲ့ရပါတယ်။

ပထမပိုင်းမှာ အဲရစ်ဆန် ဒဏ်ရာရခဲ့တာက သတင်းဆိုးဖြစ်ပြီး မေဆန်မောင့် လူစားဝင်ခဲ့တယ်။ ယူနိုက်တက်ဘက်က ဂိုးသွင်းနိုင်ဖို့ရာ စိတ်အားထက်သန်မှု အားနည်းပေမယ့်လို့ ပွဲချိန် မိနစ် ၆၀ လောက်မှာ ထောင့်ကန်ဘောက ရလာတဲ့ အခွင့်အရေးကို လင်ဒီအော့က ပိတ်သွင်းပြီး ဦးဆောင်ဂိုး ယူခဲ့ပါတယ်။

ပွဲကို ဖြတ်နိုင်ဖို့ အခွင့်အရေးတွေ အကြိမ်ကြိမ် ရပေမယ့် ယူနိုက်တက်ဘက်က အသုံးချနိုင်ခဲ့ခြင်း မရှိပါဘူး။ ဒါကြောင့်ပဲ လူတန်တောင်းဘက်က ပြန်ပြီး ထိုးဖောက်မှု အချို့ ပြုလုပ်ခဲ့သေးပေမယ့် မက်ဂွဲရားနဲ့ အိုနာနာတို့ရဲ့ ခံစစ် တံတိုင်းကို ကျော်ဖြတ်နိုင်ခြင်း မရှိတာမို့ ၁-၀ ရလဒ်နဲ့ပဲ ပွဲပြီးခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံး ကစားထားတဲ့ ပရီးမီးယားလိဂ်ပွဲ ၅ ပွဲမှာ ၄ ပွဲထိ အနိုင်ရခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ အမှတ်ပေး ဇယား အဆင့် ၆ နေရာသို့ ရောက်လာပြီး အဆင့် ၄ နေရာ ကလီဗာပူးနဲ့ ၃ မှတ်ပဲ ကွာဟတော့တာ ဖြစ်ပါတယ်။