မနေ့က တနင်္ဂနွေနေ့ည စတန်းဖို့ဘရစ်ချ်မှာ ကစားခဲ့တဲ့ ချယ်ဆီးနဲ့ မန်စီးတီးတို့ ပွဲစဉ်ကတော့ ပရီးမီးယားလိဂ် အသင်းကြီး ၂သင်းတွေ့ကြတဲ့ ပွဲ ပီပီ အတော် ရင်ခုန်စရာ ကောင်းခဲ့ပြီး ၄-၄ သရေ ရလဒ် ထွက်ပေါ်ခဲ့ပါတယ်။

ပွဲဟာ ဟာခနဲ ဟင်ခနဲ ဖြစ်ရအောင် အတက်အကျ များခဲ့ပြီး အိမ်ရှင် ချယ်ဆီးအသင်းရဲ့ မလျှော့တဲ့ ဇွဲလုံ့လ၊ မန်စီးတီးရဲ့ ချန်ပီယံ သမ္ဘာတို့ကို ရင်သပ်ရှုမော မြင်တွေ့ခဲ့ရတာပါ။

မန်စီးတီး နောက်ခံလူဟောင်းကြီး မီကာ ရစ်ချက်ကတော့ ဒီပွဲစဉ် ဟာ ဘယ်လောက် စိတ်လှုပ်ရှား ရင်ခုန်စရာ ကောင်းပြီး ပြီးပြည့်စုံတဲ့ ဘောလုံးပွဲ တစ်ပွဲ ဖြစ်ခဲ့တယ် ဆိုတာ ပွဲ အပြီး စကိုင်းစပေါ့မှာ အခုလို အမွှန်းတင်သွားခဲ့ပါတယ်။

” ပွဲက လုံးဝ အလန်းစားကြီးဗျာ။ တကယ်ကို အဘက်ဘက် ပြီးပြည့်စုံလွန်းတယ်။ သွင်းဂိုးတွေ၊ ခပ်ရမ်းရမ်း ခံစစ် ကာကွယ်တာ၊ ဖြတ်ထုတ်တာတွေ။ ကိုးလ် ပါးမားကတော့ ဒီနေ့ပွဲမှာ သိပ်ကို ထူးချွန်ခဲ့ပြီး သူ့အစွမ်း တန်ဖိုးကို ပြသသွားခဲ့တယ်။

ပေးခဲ့ရတဲ့ တန်ကြေးနဲ့ ထိုက်တန်အောင် အစွမ်းပြသနိုင်ရင် ပွဲမှာ အဲဒီလူက ဇာတ်လိုက်ပဲလေဗျာ။ ” လို့ မီကာ ရစ်ချက်က ပြောဆိုသွားတာ ဖြစ်ပါတယ်။

ဒါအပြင် မီကာ ရစ်ချက်က ချယ်ဆီး ကစားတာ ကြည့်နေရတာ သဘောကျလှပြီး အရမ်း နှစ်ခြိုက်မိကြောင်းလည်း အမွှန်းတင် ချီးကျူးခဲ့ပါသေးတယ်။

မန်စီးတီးဟာ ချယ်ဆီးကို သရေ ကျလိုက်ပေမယ့် အမှတ်ပေးဇယားမှာတော့ ထိပ်ဆုံးက ဦးဆောင်ထားဆဲ ဖြစ်ပြီး ဒုတိယနဲ့ တတိယနေရာမှ လီဗာပူး၊ အာဆင်နယ် တို့ထက် တစ်မှတ် အသာ ရထားပါတယ်။