အာဆင်နယ် အသင်းရဲ့ မနေ့ညက ဘန်လေကို ၃-၁ ဖြင့် အနိုင်ရတဲ့ပွဲမှာ ကွင်းလယ်လူ ဗီအဲရာဟာ တိုက်ရိုက် အနီကဒ်ဖြင့် ထုတ်ပယ်ခြင်း ခံခဲ့ရပါတယ်။ ဒီတစ်ကြိမ်မှာတော့ ဒိုင်ရဲ့ ဆုံးဖြတ်ချက်ကို လက်ခံပါတယ်လို့ နည်းပြ အာတီတာက ဆိုပါတယ်။
အရင်အပတ်က နယူးကာဆယ်ပွဲမှာ အငြင်းပွားစရာ VAR ရလဒ်ဖြင့် အရေးနိမ့်တဲ့နောက် အာတီတာနဲ့ ပရီးမီးယားလိဂ် ဒိုင်တွေကြား ပြင်းထန်တဲ့ အငြင်းပွားမှုတွေ ထွက်ပေါ်ထားခဲ့တာ ဖြစ်ပါတယ်။
အာတီတာက ” အနီကဒ်အကြောင်း မေးပေးတာအတွက် ကျေးဇူးတင်ပါတယ်။ VAR မှန်ပါတယ်၊ ဒိုင်လူကြီးလည်း မှန်ပါတယ်၊ ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်ပါ၊ ကျနော် ဒါကို အကောင်းမြင်တဲ့စိတ်နဲ့ ပြောနိုင်တဲ့ထိကို တကယ် ကောင်းပါတယ်၊ သိပ်ကောင်းတဲ့ ဆုံးဖြတ်ချက်ပါ။ ” လို့ ဖြေပေးခဲ့တယ်။
၃ ရက် တစ်ပွဲ ယှဉ်ပြိုင်ရပေမယ့် အာဆင်နယ်က ပွဲတိုင်းနီးပါး ထိန်းချုပ်ကစားနိုင်ခဲ့တယ်။ ပွဲဆက်ကာလမှာ အခုလို ခြေစွမ်းမျိုး ရခြင်းအတွက် အာတီတာက ကျေနပ်နေပါတယ်။
” ရလဒ်အတွက်လည်း ကျနော် ပျော်ပါတယ်။ ၇၂ နာရီအတွင်း ၃ ပွဲကစားအပြီး ဒီလို စွမ်းဆောင်ရည်မျိုး ထပ် မြင်ရတာအတွက် ကျေနပ်ပါတယ်။
နယူးကာဆယ်ကို ရင်ဆိုင်ခဲ့တယ်၊ ဆီးဗီးလာကို ရင်ဆိုင်ကစားခဲ့တယ်၊ ဒီနေ့ ဘန်လေကိုလည်း ရင်ဆိုင်ကစားခဲ့တယ်။ လွမ်းမိုးကစားနိုင်ဖို့ရာ ခက်ခဲတဲ့ ပြိုင်ဘက်တွေကို ကျနော်တို့ အများကြီး လွမ်းမိုးနိုင်ခဲ့ပါတယ်။ ဒီနိုင်ပွဲက ကျနော်တို့နဲ့ အပြည့်အဝ ထိုက်တန်ပါတယ် ” လို့ အာဆင်နယ်နည်းပြက ဆက်လက် ပြောဆိုသွားတာ ဖြစ်ပါတယ်။