ဒီရာသီ ပရီးမီးယားလိဂ်ဟာ ယခင်နှစ်တွေကထက် အဆင့်အတန်း ကျဆင်းသယောင် မြင်နေရပေမယ့်လို့ ချန်ပီယံ ဖြစ်မယ့် အသင်းကတော့ သိသာ ထင်ရှားနေပြီ ဖြစ်ကြောင်း သရဲနီဟောင်းကြီး ရွိုင်ကိန်းက ပြောဆိုလိုက်ပါတယ်။
လက်ရှိ အချိန်ထိ ပရီးမီးယားလိဂ် ၁၂ ပွဲ ကစားထားပြီးချိန်မှာ မန်စီးတီးဟာ လီဗာပူးနဲ့ အာဆင်နယ်တို့ကို ရမှတ် ၁ မှတ်ပဲ ဖြတ်ထားနိုင်သေးတာ ဖြစ်ပါတယ်။ စီးတီးဟာ ပုံမှန်ထက် အားပျော့လာနေခဲ့ပြီး ဒီဘရိုင်း မကစား နိုင်ခြင်းကလည်း အတော်လေး အထိနာစေခဲ့ပါတယ်။
ပရီးမီးယားလိဂ် ချန်ပီယံ အလားအလာ နဲ့ ပတ်သက်လို့ ယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်းကြီး ရွိုင်ကိန်းက အခုလို သုံးသပ်လာတာပါ။
“ ပြီးခဲ့တဲ့ ၁ လ၊ ၂ လအတွင်းမှာ ပရီးမီးယားလိဂ်ရဲ့ အဆင့်အတန်းက သိပ်မကောင်းဘူးလို့ ထင်မိပါတယ်။ ကျနော်တို့ တွေ့ခဲ့ မြင်ခဲ့ရတဲ့ ဂိုးအချို့ဟာ အတော်လေး ညံ့ဖျင်းခဲ့ပါတယ်၊ အရည်အချင်း မရှိဘူးပေါ့ဗျာ။
မန်စီးတီးက ကောင်းပါတယ်။ သူတို့ကို သံသယ မရှိပါနဲ့။ ဒါပေမယ့် အခြား အသင်းတွေကလည်း တိုးတက်လာဖို့ လိုနေတယ်လို့ ကျနော် ထင်ပါတယ်။ ဒီရာသီလည်း ပရီးမီးယားလိဂ် ချန်ပီယံအဖြစ် မန်စီးတီးကလွဲလို့ အခြားအသင်း မမြင်ပါဘူး။
ဒီရာသီမှာ မန်စီးတီးထံက ချို့ယွင်းချက်တွေ မြင်နေရတာတောင်မှ သူတို့ဟာ အမှတ်ပေးဖလား ကို စိန်ခေါ်ဖို့ လုံလောက်အောင် တောင့်တင်းနေသေးတယ်လို့ မြင်ပါတယ် ” ဆိုပြီး သုံးသပ်ခဲ့တာ ဖြစ်ပါတယ်။