ပရီးမီးယားလိဂ်ရဲ့ အတောင့်တင်းဆုံး တိုက်စစ်ကြောင်းကို ပိုင်ဆိုင်ထားတဲ့ ကလပ်တွေထဲ မန်ချက်စတာ ယူနိုက်တက်ကလည်း တစ်သင်း အပါအဝင်ဖြစ်ကာ နည်းပြတန်ဟက်မှာ တိုက်စစ်သမား ၆ ဦးထိ ရှိထားတာပါ။

၂၀၂၃-၂၀၂၄ ဘောလုံးရာသီကို နှေးကွေးစွာ စတင်နေတဲ့ ယူနိုက်တက်အတွက် နည်းပြတန်ဟက်က တိုက်စစ်သမားတွေကို ကောင်းမွန်စွာ နေရာချနိုင်စွမ်း ရှိထားဟန်တော့ မရပါဘူး။

နည်းပြတန်ဟက်ရဲ့ အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ၁၂ ပွဲမှာ သွင်းဂိုး ၁၃ ဂိုးပဲ ရထားပြီး ထိပ်ဆုံး ၆ သင်းထဲမှာတော့ အနည်းဆုံး အရေအတွက် ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် တစ်ခုလုံးမှာဆိုရင် ယူနိုက်တက်ထက် ဂိုးသွင်းနှုန်း ပိုနည်းတာဆိုလို့ တန်းတက်ကလပ် ၃ သင်းရယ်၊ နောက်ထပ် ၃ သင်းရယ်ပဲ ရှိပါတော့တယ်။

အံ့ဩသင့်ဖွယ်အဖြစ် ယူနိုက်တက် တိုက်စစ်သမား ၆ ယောက်ထဲမှာ ပရီးမီးယားလိဂ် ပြိုင်ပွဲအတွင်း ဂိုးသွင်းထားနိုင်သူက တစ်ဦးတည်းရှိပြီး ဒီရာသီ အာဆင်နယ်ကို ၃-၁ ဖြင့် အရေးနိမ့်တဲ့ပွဲမှာ ရက်ဖိုဒ့် သွင်းယူထားတဲ့ ၁ လုံးတည်းသော သွင်းဂိုး ဖြစ်ပါတယ်။

ယူနိုက်တက်အတွက် ကျန်တဲ့ သွင်းဂိုးတွေကို ဖာနန်ဒက်စ်နဲ့ တော်မီနေးတို့က ၃ ဂိုးစီ သွင်းယူပေးထားပြီး ခံစစ်သမားတွေဖြစ်တဲ့ ဗာရန်း၊ လင်ဒီအော့နဲ့ ဒါလော့တို့က ၁ ဂိုးစီ သွင်းယူပေးထားပါတယ်။ ကျန်တဲ့ ၃ ဂိုးကတော့ ကာဆီမီရို၊ အဲရစ်ဆန်နဲ့ ဟာနီဘယ်တို့က ၁ ဂိုးစီ ဖြစ်ပါတယ်။

အခြား တိုက်စစ်သမားတွေဖြစ်တဲ့ ဆန်ချို၊ အန်တိုနီ၊ မာရှယ်၊ ဟွိုင်လန်း၊ ဂနာချိုတို့ကတော့ ဂိုးသွင်းယူထားနိုင်ကြခြင်း မရှိသေးပါဘူး။